မြစ်ကြီးနား ၂၀ အောက်တိုဘာ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုး/ တိုက်မည့်အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် အသက်(၉)နှစ်နှင့် (၁၀)အကြား မိန်းကလေးငယ်များအတွက် အိတ်ချ်ပီဗီကာကွယ်ဆေးကို ကချင်ပြည်နယ်အတွင်းရှိ မိန်းကလေးငယ် ၁၅၇၆၉ ဦး တို့အား ထည့်သွင်းထိုးနှံပေးသွားရန် ရည်မှန်းထားကြောင်း  ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။

 

အဆိုပါ အိတ်ချ်ပီဗီကာကွယ်ဆေးစတင်ထိုးနှံမည့် အစီအစဉ်နှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၉ ရက် မွန်းလွှဲပိုင်းတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ NGO၊ INGO အဖွဲ့များကို အသိပေးဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးသစ်ထိုးနှံသွားမည့် အစီအစဉ်နှင့် ပက်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ ကာကွယ်ဆေး/ကူးစက်) ဒေါက်တာမေနယုန်က ကချင်ပြည်နယ်အတွင်း ယခုနှစ် ၂၀၂၀ ပြည့်နှစ် အတွက် ရည်မှန်းဦးရေ  ၁၅၇၆၉ ဦးထိရှိပြီး ပြည်နယ်အတွင်းမှာရှိသည့် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာ လ ၁ ရက်မှ ၂၀၁၁ ခုနှစ် သြဂုတ်လ (၃၁)ရက်အတွင်းမှာ  မွေးဖွားခဲ့သည့် အသက် (၉)နှစ်နှင့် (၁၀) ကြား မိန်းကလေးငယ်အားလုံးကို စာရင်းကောက်ယူကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောပြသည်။

 

ထို့အပြင် စာရင်းကောက်ယူရန် အခက်အခဲရှိသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိမှုမရှိစေရေးအတွက် ယခုအကြိမ် ကာကွယ်ဆေးထိုးနှံပေးပြီး ဆက်လက်စာရင်းကောက်ယူကာ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် လျှပ်တစ်ပြက်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ထပ်မံရှင်းလင်းပြောပြသည်။

 

အိတ်ချ်ပီဗီဗိုင်းရပ်စ် ကာကွယ်ဆေးသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပုံမှန် ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် ယခုနှစ်မှ စတင်ထည့်သွင်းထိုးနှံပေးခြင်းဖြစ်ပြီး အဆိုပါ ကာကွယ်ဆေးကို ကိုဗစ်-၁၉ ရောဂါ လိုက်နာဆောင်ရွက်ရန် လုပ်ငန်းလမ်းညွှန်နှင့်အညီ ပြည်သူလူအခြေပြုပုံစံဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးကို (၂)ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ် (၁၂)လခြားထိုးနှံပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

 

မျိုးမြင့်စိုး(ပြန်/ဆက်)