မြစ်ကြီးနား ၃၀ မေ

 

ကချင်ပြည်နယ် သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့-မြန်မာ(FFI)တို့၏ ပူးပေါင်းကူညီပံ့ပိုးမှုဖြင့် ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း မြို့နယ်တို့၌ ယခုနှစ်မိုးရာသီတွင် သစ်ပင် ၆၀ဝ၀ဝ၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် သစ်တောအသုံးပြုသူအဖွဲ့ဝင်ဦးရေ (၂၅၄၅)ပါသော အဖွဲ့ ၅၀ က သစ်ပင်ပျိုးပင် စုစုပေါင်း  ၆၃၀ဝ၀ဝ ကျော်အား ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာများတွင် စိုက်ပျိုး သွားမည်ဖြစ်ကြောင်း FFI မှ သိရသည်။

 

အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့-မြန်မာ(FFI)မှ ကချင်ပြည်နယ် စီမံကိန်းမန်နေဂျာ ဦးငွေလွင်က " FFI အနေနဲ့ ကချင်ပြည်နယ်သစ်တော ဦးစီးဌာနနဲ့ ပူးပေါင်းပြီး ၂၀၁၁ ခုနှစ်မှစတင်ကာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ လက်ရှိကာလအထိ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်လေးခုမှာ သစ်တော အသုံးပြုသူအဖွဲ့  ၁၂၁ ဖွဲ့ကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် နည်းပညာနဲ့ ရန်ပုံငွေတွေကူညီပံ့ပိုးပေးခဲ့ပါတယ်။ အဲဒီ ၁၂၁ ဖွဲ့အနက်မှ သစ်တောအသုံးပြုသူအဖွဲ့ ၅၂ ဖွဲ့ဟာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ဧရိယာ ၂၄၀ဝ၆ ဧကကို ဆောင်ရွက်ခွင့် လက်မှတ်ရရှိခဲ့ပြီးဖြစ်ပါတယ်" ဟု ပြောသည်။

 

၂၀၁၂ ခုနှစ် မိုးရာသီမှ ၂၀၁၉ ခုနှစ်မိုးရာသီကာလအတွင်း သစ်တောအသုံးပြုသူအဖွဲ့  ၁၂၁ ဖွဲ့က သစ်ပင်ပျိုးပင် စုစုပေါင်း ၄၉ သိန်းကျော်အား ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ဧရိယာများအတွင်း စိုက်ပျိုးခဲ့ပြီး အဓိကအားဖြင့် ကြီးမြန်သစ်ပင်များဖြစ်သည့် မဲဇလီ၊ ယမနေ၊ ဂျီစားတမာနှင့် မန်ဂျန်ရှား တို့အား ထင်းအဖြစ်ထုတ်ယူအသုံးပြုရန်နှင့် ပျဉ်းကတိုးနှင့် ကျွန်းတို့အား သစ်အဖြစ်ထုတ်ယူသုံးစွဲရန် အဓိကစိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း FFI မှ သိရသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအား ဒေသခံပြည်သူများအတွက် သစ်နှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်း အစရှိသည့် သစ်တောနှင့် သစ်ပင်ဆိုင်ရာအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ဒေသခံများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများ ရရှိပြီး ဆင်းရဲနွမ်းပါးမှု လျော့နည်းစေရန်၊ သစ်တောဖုံးလွှမ်းသည့်ဧရိယာ ဖွံ့ဖြိုးတိုးတက်လာပြီး ရေရှည်တည်တံ့စေရန်နှင့် စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်၊ ပြည်သူများ ပူးပေါင်းပါဝင်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်မြှင့်တင်ရန် စသည့်ရည်ရွယ် ချက်များဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအား ပံ့ပိုးပေးလျက် ရှိကြောင်း ဦးငွေလွင်က ဆက်လက်ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့်အား ၁၉၉၅ ခုနှစ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် (CFI) ထုတ်ပြန်ကြေညာပြီး စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံတစ်ဝန်း၌ သစ်တော အသုံးပြုသူအဖွဲ့ဝင်ဦးရေ (၉၄၄၁၇)ဦးပါဝင်သော အဖွဲ့ပေါင်း ၃၃၁၃ ဖွဲ့အတွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဧရိယာ ၄၇၂၀၇၉ ဧကကို ဆောင်ရွက်ခွင့်လက်မှတ်ရရှိပြီး ဖြစ်ကြောင်း၊ အမျိုးသား သစ်တောကဏ္ဍပင်မစီမံကိန်းအရ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာ ဧက ၂ ဒသမ ၇ သန်း တည်ထောင်ပြီးဖြစ်ရန် သတ်မှတ်လျာထားကြောင်း FFI မှ သိရသည်။

 

သတင်း-ပိန်းဇလုပ်သိန်းညွန့်