နေပြည်တော်၊ ၁၆ ဒီဇင်ဘာ

 

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)တို့၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးကို ဦးစားပေးဆောင်ရွက်နေခြင်းသည် တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဆောင်ရွက်ခြင်းဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ခြင်းဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်များသည် လူသားများ ဖြစ်ကြသည့်အတွက် လူတစ်ဦးချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ပြည်သူ့အစိုးရက အဓိကရည်ရွယ်ပြီး အကောင်အထည်ဖော်နေခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် တိုင်းရင်းသားများနှင့် လက်တွဲ ဆောင်ရွက်မှုကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆက်လက်လျှောက်လှမ်းမည့် နိုင်ငံရေးလမ်းစဉ်တွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို ထိရောက်စွာ ချိတ်ဆက်ဖော်ဆောင်ရင်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံအစည်းအဝေးများမှ အတည်ပြုချက်ရရှိသော ပြည်ထောင်စု၏ သဘောတူညီချက် အစိတ်အပိုင်းများသည် ဝန်ကြီးဌာနက ဖော်ဆောင်နေသော လုပ်လက်စလုပ်ငန်းစဉ်များဖြစ်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ကဏ္ဍများကို ထိထိရောက်ရောက်ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရလဒ်ကောင်းများ ရရှိလာမည် ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများက တရားဥပဒေစိုးမိုးမှုရှိသည်ဟု ခံစားလာရအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အောက်ခြေလူထုနှင့် ထိတွေ့မှုသည် အလွန်အရေးကြီးပါကြောင်း၊ အစိုးရအနေဖြင့် တိုက်ရိုက်ထိတွေ့ရန်လိုပါကြောင်း။

 

သို့ရာတွင် အောက်ခြေပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေသည့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပါက တာဝန်ကို မျှထမ်းသကဲ့သို့ ဖြစ်ပြီး မြန်ဆန်ထိရောက်မည်ဟု ယူဆပါကြောင်း၊  နေရာစုံ အစိုးရမထိတွေ့နိုင်သည်ကို ဟာကွက်မရှိဖြည့်ဆည်းနိုင်မည်ဟု ယူဆပါကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းများမှာလည်း ပြည်သူထဲက ပြည်သူများပင်ဖြစ်သည့်အတွက် ပြည်သူ့အကျိုးအတွက် ယုံကြည်မှုအပြည့်ဖြင့် အစိုးရနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းအောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်သော လွှတ်တော်ကိုယ်စားလှယ်များကလည်း အရပ်ဖက်အဖွဲ့အစည်းများနှင့်အတူ လက်တွဲဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာတွင်လည်း အရပ်ဖက်အဖွဲ့အစည်းများ၊ နေရပ်စွန့်ခွာရသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အမျိုးသမီးကိုယ်စားလှယ်များ ပိုမိုပါဝင်နိုင်ရေး မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကလည်း နည်းပညာဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (Technical Coordination Group) ဖွဲ့စည်းဆောင်ရွက်ရန် ဆက်သွယ်မည့် Focal Person အဖြစ် ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ကချင်ပြည်နယ် ဦးစီးမှူးတို့အား သတ်မှတ်တာဝန်ပေးထားပြီး ဖြစ်ပါကြောင်း။

 

လုပ်ငန်းလမ်းညွှန် (TOR) ရေးဆွဲထားပြီးဖြစ်သည့်အတွက် UN နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီများလည်း ရရှိကြမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်အရ ကဏ္ဍအသီးသီးတွင် သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့၏ ဘတ်ဂျက်ရန်ပုံငွေ၊ မိတ်ဆွေနိုင်ငံများ၏ ပံ့ပိုးကူညီမှုများကိုလည်း ရရှိအောင် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာအရ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာ သွားလာခွင့်ကဏ္ဍတွင် ပြန်လည်နေရာချထားမည့် နေရာများနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရမည့်နေရာများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ (Humanitarian Demining) ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ပေးခြင်းအပါအဝင် ဘေးကင်းလုံခြုံရေး အစီအမံများကို တိုးမြှင့်ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး အဖွဲ့ဝင်(၁၂)ဦးဖြင့် နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် မေ ၈ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၆၂/၂၀၁၉)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေးကို တက်ရောက်လာကြသူများအနေဖြင့် လုပ်ငန်းစဉ်များကို တိုင်ပင်ညှိနှိုင်း အကြံပြုဆွေးနွေးပေးကြပါရန် တိုက်တွန်းပါကြောင်းနှင့် ယနေ့အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန - NRPC သို့ တင်ပြ၍ ပံ့ပိုးကူညီမှုကိုရယူကာ နိုင်ငံတော်အစိုးရ၏မူဝါဒနှင့်အညီ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က အမှာစကား ပြောကြားပြီး လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြည်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြသည်။

 

ယင်းနောက် ကချင်ဒေသစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) က တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များမှ လက်ရှိအကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ နေရပ်ပြန်ကျေးရွာ (၁၇)ရွာ အကောင်အထည်ဖော်ရေးဆိုင်ရာ ကိစ္စများ၊ ဝိုင်းမော် - ကန်ပိုင်တီလမ်းမပေါ်ရှိ ကျေးရွာများနှင့် စိန်လုံ၊ လွယ်ဂျယ်လမ်းမ ပေါ်ရှိကျေးရွာများ နေရပ်ပြန်ရေးကိစ္စများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ နေအိမ်ပုံစံနှင့် ကုန်ကျစရိတ်ကိစ္စများနှင့် လူသားချင်းစာနာထောက်ထားမှု မိုင်းအန္တရာယ်ဆိုင်ရာ သင်တန်းကိစ္စများကို တင်ပြဆွေးနွေးကြသည်။

 

ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီး(ဗိုလ်မှူးကြီး)၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ ဖိတ်ကြားထားသူများ၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်း အဖွဲ့ဝင်များနှင့် ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်