မြစ်ကြီးနား စက်တင်ဘာ ၂၅
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီး ဌာနမှ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများအား တိုင်းရင်းသားဘာသာများဖြင့် ရိုက်နှိပ်ထုတ်ဝေသည့် ပုံပြပုံပြင်စာအုပ်များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ၂၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ) ဦးဒိတ်က အဖွင့်အမှာစကားပြောကြားရာတွင် " ဒေသတွင်းနေ တိုင်းရင်းသား လူမျိုးစုများအား စာပေသင်ကြားရာတွင် အထောက်အကူပြုစေမည့် ပုံပြပုံပြင်စာအုပ်များ ထုတ်ဝေပေးနိုင်သည့်အတွက် တိုင်းရင်းသားမျိုးနွယ်စုများအတွက် တန်ဖိုးကြီးလှသည့် ရလဒ်တစ်ခုဖြစ်ပါကြောင်း " ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်ထွန်းက တိုင်းရင်းသားမျိုးနွယ်စုအလိုက် ပုံပြပုံပြင်စာအုပ်များ ပြုစုခြင်းရိုက်နှိပ်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများနှင့် ဌာန ဆိုင်ရာများအား ကျေးဇူးတင် စကား ပြောကြားကာ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စု(၁၀)စုအတွက် တိုင်းရင်းသားဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရိုက်နှိပ်ထားသည့် ဂျိန်းဖောဘာသာဖြင့်(၄၈၀ဝ)အုပ်၊ ရဝမ်ဘာသာဖြင့်(၃၆၀ဝ)အုပ်၊ လော်ဝေါ်ဘာသာဖြင့် (၃၁၂၀)အုပ်၊ လီဆူဘာသာဖြင့်(၂၁၀ဝ)အုပ်၊ ဇိုင်ဝါးဘာသာဖြင့်(၄၈၀)အုပ်၊ လာချိဒ်ဘာသာဖြင့်(၁၄၇၀)အုပ်၊ (တိုင်းလိုင်)ရှမ်းဘာသာဖြင့်(၃၈၄၀)အုပ်၊ (တိုင်းလေ)ရှမ်းဘာသာဖြင့်(၂၈၀၈)အုပ်၊ (တိုင်းခမ်းတီ)ရှမ်းဘာသာဖြင့်(၁၀၈၀)အုပ်နှင့် ဗမာဘာသာဖြင့်(၄၄၈)အုပ် စုစုပေါင်း ပုံပြပုံပြင်စာအုပ်ပေါင်း(၂၃၇၄၆)အုပ်အား လွှဲပြောင်းပေးအပ်ရာ သက်ဆိုင်ရာ တိုင်းရင်းသား ရိုးရာစာပေနှင့် ယဉ်ကျေးမှုအလိုက် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ယခုထောက်ပံ့ပေးအပ်သည့် ပုံပြပုံပြင်စာအုပ်များမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


