မိုးညှင်း ၆  အောက်တိုဘာ 

 

ကချင်ပြည်နယ်အဝင် မိုးညှင်းမြို့နယ်၊  ပင်လုံကျေးရွာအုပ်စု၊  နန့်စီးအောင် ပူးပေါင်းစစ်‌ဆေးရေး ဂိတ်စခန်းတွင် အောက်တိုဘာ ၆ ရက် နံနက် ၁ဝ နာရီခွဲက ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်ပေါ် လိုက်ပါကြသူများအား Test Kit ဖြင့်စစ်ဆေး၍ ဝင်ရောက်ခွင့်ပြုနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စည်းဝေးညှိနှိုင်းခဲ့ကြကြောင်း ဂိတ်မှူးရဲအုပ် ထက်ဝေလင်းထံမှ သိရသည်။ 

 

ကချင်ပြည်နယ်အတွင်းသို့ ဝင်ရောက်သည့် ယာဉ်ပေါ်ပါ ခရီးသည်များအား ကိုဗစ် - ၁၉ ရောဂါ     ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောက်နိုဘာ ၉ ရက်မှစတင်၍ Test Kit ဖြင့်စစ်‌ဆေးပြီး Native ဖြစ်မှသာ ပြည်နယ်အတွင်း ဝင်ခွင့်ပေးမည်‌ ဖြစ်ကြောင်း၊ ထိုသို့စစ်ဆေးရာတွင် ဂိတ်စစ်ဆေးရေးအဖွဲ့အနေဖြင့် နေ့စဉ်နံနက် ၇ နာရီခွဲမှ ညနေ ၆နာရီထိ စောင့်ကြည့်စစ်ဆေးရန်၊ Test kit ဖြင့် စစ်ဆေးတွေရှိချက်အရ  Negative လက္ခဏာ ထွက်ရှိပါက ကျန်းမာရေးထောက်ခံချက် လက်မှတ်များ ထုတ်ပေးပြီး ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့်ပြု၍ ခရီးဆက်လက်ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း၊ Positive လက္ခဏာတွေ့ရှိပါက ရောဂါပြင်းထန်မှုအပေါ် မူတည်၍ မိုးညှင်းခရိုင် ဆေးရုံကြီးနှင့် မိုးညှင်းတက္ကသိုလ်များရှိ စောင့်ကြည့်စခန်းများတွင် ထားရှိ‌ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊  ပိုးတွေ့သည့် ကုန်တင်ယာဉ်များအား သတ်မှတ်နေရာတွင် ရပ်နားထားရမည် ဖြစ်ကြောင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် ကုန်အမျိုးအစားပေါ် မူတည်၍ သယ်ယူစေခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးဆောင်ရွက်မှု အခြေအနေအား မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ နေ့စဉ်တင်ပြသွားရန်နှင့်  အခက်အခဲ တစ်စုံတစ်ရာရှိပါကလည်း မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ တင်ပြသွားရန် မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက လမ်းညွှန်ခဲ့ကြောင်း  ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးကပြောကြားသည်။

 

အဆိုပါ Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်ရာသို့ မိုးညှင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၊ မြို့နယ်ကျန်းမာရေးမှူး ဦးစံထွေး၊ ပင်လုံကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးသာစိုး၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ် စခန်းတာဝန်ခံ ရဲအုပ်ထက်ဝေလင်းနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည် ။

 

နီတိုး