မြစ်ကြီးနား       ဇူလိုင်        ၂

 

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြု အမျိုးသား အမျိုးသမီး လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအား လူမှုရေးရာဝန်ကြီးက အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများကို ဇူလိုင် ၁ ရက်က ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ထောက်ပံ့ခဲ့သည်။

 

အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ပြည်နယ်လက်ရွေးစင်အသင်း နည်းပြများက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက “အားကစား စိတ်ဓာတ်ဖြင့် အသန့်ရှင်းဆုံး ယှဉ်ပြိုင်ပြီး ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် ကစားသမားများ ဖြစ်ကြစေလိုကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း” မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးက အသင်းအုပ်ချုပ်သူ နည်းပြများထံ အောင်နိုင်ရေးအလံနှင့်  ပြည်နယ်အစိုးအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်ပြီး ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီဥက္ကဋ္ဌကလည်း အသင်းအတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ထောက်ပံ့သည်။

 

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ နှစ်ခုလုံးတွင် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး လက်ရွေးစင်အသင်းတွင် အသင်း အုပ်ချုပ်သူ၊ နည်းပြ ရှစ်ဦး၊  အမျိုးသား ကစားသမား ၁၅ ဦး၊ အမျိုးသမီး ကစားသမား ၅ ဦးတို့ဖြင့် စုစုပေါင်း ၂၈ ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)