မြစ်ကြီးနား    ၃  ဇန်နဝါရီ  

ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီ၏ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်း စဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ချပြဆွေးနွေးသည့် ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၃ ရက်  နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ Cartal Hotel ၌ ကျင်းပပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးတွင် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီး ဦးနေဝင်းက အမှာစကားပြောကြားခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကော်မတီ အတွင်း ရေးမှူး မနောနှင်းချယ်ရီက ဆွေးနွေးတင်ပြခဲ့ကြကာ ဆွေးနွေးပွဲကို ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များက လူငယ်ရေးရာမူဝါဒပိုင်းဆိုင်ရာများ၊ ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းရှင်းတမ်းများနှင့် ပတ်သက်၍ အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

 

‌ေ

 

ညှိနှိုင်းအစည်းအဝေးပွဲနှင့် ပတ်သက်၍ ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး မနောနှင်းချယ်ရီက “ ကျွန်မတို့ကော်မတီရဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်နိုင်မှုမရှိသေးတဲ့ လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့တယ်၊ ဒီနေ့ ဆွေးနွေးပွဲမှာ စီမံခန့်ခွဲရေးပိုင်းနဲ့ ဘဏ္ဍာရေးပိုင်းတွေကို အတည်ပြုဆုံးဖြတ်နိုင်ခဲ့ပါတယ်၊ လုပ်ငန်းစဉ် ၁၀ ချက်မှာ အားလုံးနီးပါး ဆောင် ရွက်နိုင်ခဲ့ပါတယ်၊ တခြားပြည်နယ်နဲ့ တိုင်းတွေကို သွားရောက်တွေ့ဆုံတာနဲ့ ကချင်ပြည်နယ်လူငယ်ဖိုရမ် ကျင်းပဖို့ အဲဒီ(၂) ချက်ပဲ ကျန်တဲ့အတွက် ၂၀၂၀ ထဲမှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ရှင်းလင်း ပြောပြသည်။

 

‌ေ

 

ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီအနေဖြင့် ပြည်နယ်အတွင်း ခရိုင်အားလုံး၌ လူငယ် ရေးရာ ကော်မတီဖွဲ့စည်းထားပြီး ယာယီရုံးခန်းဖွင့်လှစ်ခြင်း၊ လူငယ်မူဝါဒနှင့်မဟာဗျူဟာ ရေးဆွဲခြင်း၊ မူဝါဒရေးဆွဲခြင်း၊ မဟာဗျူဟာရေးဆွဲသည့် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ လူငယ်စွမ်းဆောင်ရည်မြှင့် တင်ခြင်းလုပ်ငန်းများ၊ ခရိုင်အားလုံး၌ လူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်း၊ လွှတ်တော်နှင့် သွားရောက်တွေ့ဆုံခြင်း၊ လုပ်ငန်းများလည်ပတ်နိုင်ရေး ရန်ပုံငွေရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)