ဖြိုးလေး၊ ငုရွှေဝါ

ဓာတ်ပုံ - ဇော်ဘောက်

နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆောင်ရွက် ပေးလျက်ရှိသည်။ ပြည်တွင်းထုတ်ကုန် အားပေးရန်၊ သွင်းကုန် အစားထိုးရန်နှင့် ပို့ကုန်ရရှိစေရန်၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လမ်းညွှန်ချက်များအပေါ် ကချင်ပြည်နယ်အနေဖြင့် အစီအစဉ်များ ရေးဆွဲတင်ပြ ဆောင်ရွက်လျက် ရှိသည်။ အဆိုပါဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်တွင် ရိုးရာရက်ကန်းလုပ်ငန်းများ အပါအဝင် ဒေသထွက်သီးနှံများနှင့် ဆန်ခေါက်ဆွဲ စသည့်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးအတွက် Action Plan များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရက်ကန်းစင်အရေအတွက် ၂၁၉ စင်ရှိ

ကချင်ပြည်နယ်၏ ဒေသတစ်ခု ထုတ်ကုန်တစ်ခုတွင် ကချင်ရိုးရာအထည် ရက်လုပ်ခြင်းလုပ်ငန်း သည်လည်း အပါအဝင်ဖြစ်သည်။ ကချင်ပြည်နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းများအနေဖြင့် စက်မှု မှတ်ပုံတင်ထားသောလုပ်ငန်း ၃၆ ခုရှိပြီး ရက်ကန်းစင် အရေအတွက် ၂၁၉ စင် ရှိကြောင်းလည်း သိရသည်။

 

ကချင်ပြည်နယ်မှ ထွက်ရှိသော ကချင်ပုဆိုး၊ ကချင်လုံချည်၊ ဂျပ်ခုတ်အပွင့်ဖောက်များသည် နိုင်ငံ တစ်ဝန်း လူကြိုက်များ ရေပန်းစားသော အဝတ်အထည်များတွင် ပါဝင်သည်။ ကချင်ရိုးရာအဆင်များ အနေဖြင့် အမျိုးသား၊ အမျိုးသမီးတိုင်း ကြိုက်နှစ်သက်ကာ ရာသီမရွေးဝတ်ဆင်နိုင်သည့် ချည်ထည် အမျိုးအစားများ ဖြစ်ကြောင်းလည်း တွေ့ရသည်။ အဆိုပါ ကချင်ရိုးရာအထည်ရက်လုပ်သည့် လုပ်ငန်းများတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် အမှတ်(၄)နယ်မြေသည်လည်း ရိုးရာ ရက်ကန်းထည်များ ထုတ်လုပ်နေသောနေရာတစ်ခု ဖြစ်သည်။ တစ်ပိုင်တစ်နိုင်မှသည် ရက်ကန်းစင် လုပ်ကိုင်နေကြသောနေရာ ပေါင်းများစွာဖြင့် ဖြစ်သည်နှင့်အညီ ရက်ကန်းခတ်သံများဖြင့် ပြည်နယ်၏ အလှကို ဖော်ဆောင်လျက်ရှိသည်။

 

ကချင်ပြည်နယ်အတွင်းရှိ SME အသင်းဝင် ဦးထွန်းထွန်းနိုင် ဂျိန်းဖော့သူစက်ရက်ကန်းလုပ်ငန်းမှ ထုတ်လုပ်မှုများဖြစ်သော အထည်များထုတ်လုပ်မှု လုပ်ငန်းနှင့်ပတ်သက်၍ သွားရောက်တွေ့ဆုံ မေးမြန်းလေ့လာခဲ့မှုကို တင်ပြလိုပါသည်။ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း စက်ရက်ကန်း၊ လက်ရက်ကန်းများဖြင့် ကုန်ကြမ်းမှ ကုန်ချော ထုတ်လုပ်နေသာ ကချင်ဒေသထွက် အထည်များ ထုတ်လုပ်ရာ ဂျိန်းဖော့သူ စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းထွန်းနိုင်သည် လွန်ခဲ့သော ၁၅ နှစ်ခန့်က ရွှေဘိုမြို့ ဆိပ်ခွန် ရွာမှ မြစ်ကြီးနားသို့ ပြောင်းရွှေ့အခြေချ လုပ်ကိုင် ခဲ့ကြောင်းနှင့် လက်ရှိအခြေအနေတွင် စက်ရက်ကန်း စင် ၁၀၀၊ လက်ရက်ကန်းစင် ၅၀ တပ်ဆင်ထားပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

 

အသုံးပြုနေသည့်ရေမှာ အထည်များ၏ အရည်အသွေးကို မြှင့်တင်

အဆိုပါအထည်များ ထုတ်လုပ်မှုလုပ်ငန်းတွင် လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် ချည်များ၊ ဆေးများကို မန္တလေးမှတစ်ဆင့် မှာယူရကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို ကုန်ကြမ်းမှ ကုန်ချောဖြစ်အောင် ထုတ်လုပ်ခြင်းအားလုံးကို မြစ်ကြီးနားမြို့တွင်သာ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထူးခြားမှုအနေဖြင့် ချည်ထည်များကို လိုအပ်သော ဆေးအရောင်ဆိုးရာတွင် မြစ်ကြီးနား မြို့မှ ထွက်ရှိသည့် အသုံးပြုနေသည့်ရေမှာ အထည်များ၏ အရည်အသွေးကို မြှင့်တင်ရာတွင် များစွာ အထောက်အကူပြုကြောင်း လုပ်ငန်းရှင်မှ ပြောပြချက်အရ သိရသည်။

 

၎င်းလုပ်ငန်းတွင် ကုန်ကြမ်းမှ ကုန်ချော ထုတ်လုပ်ရာ၌ ရက်ကန်းလုပ်သားရှားပါးမှုသည် အဓိကဖြစ်ပြီး လက်ရက်ကန်းအတွက် လျှပ်စစ်မီး မလိုအပ်သော်လည်း စက်ရက်ကန်းအတွက် လျှပ်စစ်မီးသည် အဓိကကျသဖြင့် စက်သုံးဆီနှင့် လုပ်ငန်းလည်ပတ်ချိန်၌ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်မှု ကြုံတွေ့ရကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် သုံးစွဲသူ ပြည်သူများ၏ ဝယ်လိုအားကို ရယူ၍ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်သည်နှင့်အညီ ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချနိုင်မှသာ မိမိတို့ ကုန်ပစ္စည်းများ ဈေးကွက်တွင် ရောင်းပန်းလှနိုင်ပြီး ပိုမိုတိုးတက်နိုင်ကြောင်းလည်း ၎င်းက ဆက်လက် ဆွေးနွေးပြောကြားသည်။

 

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ဖြစ်သည့်အတွက် ရက်ကန်းလုပ်ငန်းသည်လည်း ဒေသခံပြည်သူများ အလုပ်အကိုင်တိုးပွားရရှိစေပြီး လူမှုစီးပွားဘဝ တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးလျက်ရှိသည်။

 

လုပ်သားဦးရေ ၂၁၆ဝဝ ကျော်အထိ အလုပ်အကိုင်များ ဖန်တီးပေးနိုင်

အဆိုပါ အထည်ထုတ်လုပ်မှုလုပ်ငန်းတွင် ကချင်ပုဆိုး၊ ကချင်လုံချည်၊ ဂျပ်ခုတ်အပွင့်ဖောက်များကို အများဆုံးထုတ်လုပ်ပြီး ချည်အသုံးပြုမှု အနေဖြင့် (၂ × ၈၀)တိုင်၊ (၂ × ၁၀၀)ဖောက် ချည်ချော များဖြင့် အများဆုံးရက်လုပ်ကြောင်း၊ ထိုကဲ့သို့ ချည်ထည်များ ထုတ်လုပ်ရာတွင် မှာယူသည့် အရေအတွက် များကို စိတ်တိုင်းကျ ထုတ်လုပ်ပေးလျက် ရှိကြောင်းလည်း သိရသည်။ ထိုရက်ကန်းလုပ်ငန်းမှ လုပ်သားများ၏ လစဉ်ဝင်ငွေသည် အနိမ့်ဆုံးငွေကျပ် နှစ်သိန်းမှ အမြင့်ဆုံးငွေကျပ် လေးသိန်းအထိ ရရှိကြောင်း၊ စက်ရုံအနေဖြင့် တစ်နှစ်လျှင် ချည်ထည်ကွင်းအရေအတွက် ၁၆၂၀၀၀ အထိ ထုတ်လုပ် နိုင်ကြောင်းလည်း သိရသည်။ လုပ်ငန်းလည်ပတ်မှုအတွက် တစ်နှစ်လျှင် လုပ်သားဦးရေ ၂၁၆၀၀ ကျော်အထိ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ကြောင်းလည်း သိရသည်။

ထို့အပြင် အထည်ထုတ်လုပ်မှု လုပ်ငန်းတည်ရှိရာ အနီးပတ်ဝန်းကျင်မှ ဒေသခံပြည်သူများအား ချည်ချခြင်း၊ ရက်ဖောက်လုပ်ငန်းလုပ်ကိုင်ခြင်း၊ ရဟတ်လုံးများဆောင်ရွက်ခြင်းတို့ကို ပုတ်ပြတ်စနစ် လုပ်ကိုင်ခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အပို ဝင်ငွေရအောင် ဖန်တီးပေးနိုင်မှုကိုလည်း သိရသည်။

 

ဒေသတွင်း ကျွမ်းကျင်လုပ်သားများ လိုအပ်ချက် ပြည့်မီအောင် လေ့ကျင့်ပျိုးထောင်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရက်ကန်းပညာကို သင်ယူလိုသူများအတွက် သင်ကြားပေးလျက်ရှိပြီး ကျွမ်းကျင်တတ်မြောက်ပါက မိမိလုပ်ငန်းတွင်သာမက အခြားလုပ်ငန်းများ တွင်ပါ လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်မည့် သူများကို ဈေးကွက်တွင် သုံးစွဲသူနှစ်သက်မည့် ကုန်ပစ္စည်းများထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက် ပေးလျက်ရှိခြင်း၊ လုပ်ငန်းတူအချင်းချင်း လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်း၊ ဒေသဖွံ့ဖြိုးရေး ပါဝင်ဆောင်ရွက်ခြင်း တို့ကြောင့် ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ်၍ များစွာဂုဏ်ယူမိပါကြောင်း ဂျိန်းဖော့သူ အထည် ထုတ်လုပ်မှုလုပ်ငန်းပိုင်ရှင် ဦးထွန်းထွန်းနိုင်က ပြောသည်။

 

ရိုးရာရက်ကန်းလုပ်ငန်းများတွင် ဒေသနေ လုပ်သားများအပြင် အခြားဒေသများမှ ရက်ကန်း လုပ်သားများလည်း မိသားစုလိုက် လာရောက်လုပ်ကိုင်နေသည့်အတွက် အလုပ်အကိုင်အခွင့် အလမ်းများလည်း ရရှိစေသည်။ ထို့အတွက် ရိုးရာရက်ကန်းလုပ်ငန်းများ အရည်အသွေးမြင့်မားသည့် အထည်များထုတ်လုပ်နိုင်ရန် နည်းပညာသင်တန်းများပေးခြင်း၊ ကုန်ကြမ်းများကို အစုအဖွဲ့ဖြင့် တင်သွင်းနိုင်ရေး၊ နည်းပညာများ၊ စက်ပစ္စည်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ပေး ခြင်း၊ လုပ်ငန်းတူအချင်းချင်း ဒေသအသီးသီးတွင် လေ့လာရေးများ သွားရောက်နိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ပါက ပြည်ပဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်မည်ဖြစ်သည့်အတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူ များကလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို ရေးသားတင်ပြ လိုက်ရပါသည်။