မြစ်ကြီးနား ဒီဇင်ဘာ ၃
ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့ ဧရာရပ်ကွက် မနောဧရာရေကူးကန်၌ နိုဝင်ဘာ ၁၅ ရက်မှ စတင်ဖွင့်လှစ်ခဲ့သည့် ရေပြင်အသက်ကယ် လေ့ကျင့်ရေးသင်တန်းဆင်းပွဲနှင့် သရုပ်ပြခြင်းအခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “အသက်ကယ်နည်းစနစ်များကို တတ်မြောက်ရုံသာမက လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှသည် အောင်ပွဲဆီသို့ ဆိုသကဲ့သို့ ကျွမ်းကျင်ပြီး လေ့ကျင့်သားပြည့်ဝအောင် ကယ်ဆယ်ရေးစနစ်များကို ယခုကဲ့သို့ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားမှသာ ပြည်သူများကြုံတွေ့လာရမည့် အသက်အန္တရာယ်ကို ကူညီကယ်ဆယ်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပေးသည့် သင်ခန်းစာများကို လက်တွေ့မြေပြင်တွင် ထိရောက်စွာ အသုံးချနိုင်ရေးနှင့် ပြည်သူအားကိုး ယုံကြည်သည့် တပ်ဖွဲ့ဝင်များ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရေး” တိုက်တွန်းမှာကြားသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက သင်တန်းတွင် စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြား ပေးခဲ့သော အလွတ်တန်း ရေကူးနည်းစနစ်ဖြင့် ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးရေယာဉ်ဖြင့် Under Water Camera ဖြင့် ရေနစ်သူ၏ တည်နေရာအား ရှာဖွေခြင်း၊ ရေငုတ်ဝတ်စုံ (Dive Suit) ဖြင့် ရေအောက်တွင် ရေနစ်နေသူအား ရှာဖွေကယ်ဆယ်ခြင်းနှင့် ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်ခြင်း လက်တွေ့ သရုပ်ပြသမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက မီးသတ်တပ်ဖွဲ့မှ ခင်းကျင်းပြသထားသည့် ဘဏ္ဍာနှစ်အလိုက် ဝယ်ယူထားသော ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် ရေယာဉ်များကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြည်နယ် စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေက သရုပ်ပြသသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)