မြစ်ကြီးနား၊ ၁၇ ဒီဇင်ဘာ
ကချင်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့သည့် လေကြောင်းလိုင်းများအား ဒီဇင်ဘာ ၁၇ ရက်မှစ၍ တစ်ပတ်လျှင် သုံးရက် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်းနှင့် ရန်ကုန်-မန္တလေး-မြစ်ကြီးနားခရီးစဉ်များသို့ အဓိကထား ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။
မြစ်ကြီးနားသို့ လိုက်ပါလာမည့်ခရီးသည်များအား မြစ်ကြီးနားမြို့သို့ရောက်ရှိလာပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတ်မှတ်ထားသည့် ဟိုတယ် လေးနေရာနှင့် မြစ်ကြီးနား တက္ကသိုလ်တို့တွင် ခုနစ်ရက် မိမိစရိတ်ဖြင့် အသွားအလာကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ပြီး ဆေးစစ်ချက်များအရ ကိုဗစ်-၁၉ ရောဂါ ကင်းစင်မှသာ မိမိသွားရောက်မည့် သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်ထွက်ခွာခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက “လေယာဉ်စီးခရီးသည်များ အနေဖြင့် လေယာဉ်ပေါ်မတက်မီ RDT Test ဖြင့် ၃၆ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း လက်မှတ်ပြနိုင်မှသာ လေယာဉ်ပေါ်တက်ခွင့်ရှိတာကြောင့် လေယာဉ်စီးနင်းမည့် ခရီးသည်များအား ၁၅ မိနစ်အတွင်း ဓာတ်ခွဲအဖြေထွက်သည့်နည်းလမ်းဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ ကိုဗစ်- ၁၉ ရောဂါ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု ပြောပြသည်။
အဆိုပါ လေကြောင်းလိုင်းများအနေဖြင့် ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-ဗန်းမော်-ပူတာအို ခရီးစဉ်များအား ခရီးသွားပြည်သူများအပေါ်မူတည်ပြီး ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရှိရသည်။
စိန်ဝင်း(ပြန်/ဆက်)


