နေပြည်တော် ၁၂ ဇန်နဝါရီ


ဆီးနှင်းများနှင့် သဘာဝရေ၊ မြေ၊ တောတောင်များနှင့်သယံဇာတပေါကြွယ်ဝစွာ ကချင်ပြည်နယ်က ထာဝစဉ် လှပလျက်ရှိသည်။ ထို့အတူ ကချင်ပြည်နယ်အတွင်းရှိရောင်စုံပန်းတို့သည်လည်း အတူတကွလှပစွာဖြင့်ပွင့်လန်း နေကြသည်။


၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက် ကချင်ပြည်နယ်နေ့မြစ်ကြီးနားမြို့၏ ဆောင်းနံနက်ခင်းဝယ် "ဒူ..ဒူ..ဒူ“ဒုံ ဒုံ ဒုံ ....ဒုံ” ကချင်ရိုးရာမောင်းတီးသံ ကချင်အိုးစည်(ဗုံရှည်)တစ်ပြိုင်နက် တီးသံတို့နှင့် “အောရာ.. အောရာ.. အောရအောရအေး”(Aw Ra...Aw ra Aw ra ...Aw ra e)ဟူသော ကချင်မနောအကတေးသံသာက မိုးထိဘဝဂ်ညံပျံ့လွှင့်လျက်ရှိသည်။

 

9


နံနက် ၇ နာရီခန့်မှ စတင်ကာ ကချင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဝတ်စုံ၊ ဗမာတိုင်းရင်းသားများဝတ်စုံ၊ ရှမ်းတိုင်းရင်းသားလူမျိုးစုများ၏ဝတ်စုံ၊ လီဆူလူမျိုးများ၊ရဝမ်လူမျိုးဝတ်စုံများဝတ်ဆင်၍ အစုလိုက်အဖွဲ့လိုက် တဖွဲဖွဲ ဖြတ်သန်းသွားလာနေကြသည့် မြင်ကွင်း တစ်ခုကကချင်ပြည်နယ်မြစ်ကြီးနားမြို့ စီတာပူမနော(Ma Nau )ကွင်းသို့ ကချင်ပြည်နယ် အနယ်နယ်အရပ်ရပ်မှတိုင်းရင်းသားပြည်သူလူထုများက (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားဟု ရေးသားဖော်ပြထားသည့် မုခ်ဦးတစ်ခု၏အောက်ဝယ်တည်ငြိမ်အေးချမ်းစွာလျှောက်လှမ်းသွားလာနေကြသည်။


ဇန်နဝါရီ ၁၀ ရက်အား ကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ခဲ့သည်မှာ ယခုအခါ(၇၁)နှစ်မြောက်တိုင်တည် ခဲ့ပြီဖြစ်ကြောင်း ကချင်ပြည်နယ်၏သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့်ယနေ့ကျင်းပခဲ့သည့် (၇၁)နှစ်မြောက် ကချင် ပြည်နယ်နေ့အခမ်းအနားက သက်သေထူလျက်ရှိသည်။


ကချင်လူမျိုးစု ခြောက်မျိုး၊ ရှမ်းလူမျိုးစု ငါးမျိုးနှင့်ဗမာလူမျိုးစုများသာမက အခြားတိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ရှေးနှစ်ပေါင်းများစွာကပင် အေးအတူပူအမျှအတူတကွနေထိုင်လာခဲ့ကြသော ကချင်ပြည်နယ်ကြီးတစ်ခုလည်းဖြစ်ပါကြောင်း ကချင်ပြည်နယ်နေ့အခမ်းအနားသို့တက်ရောက်လာကြသည့် ကချင်၊ ရှမ်း၊ ဗမာလူမျိုးစုများနှင့်တိုင်းရင်းသားလူမျိုး အသီးသီးတို့က ဖော်ပြလျက်ရှိသည်ကိုမြင်တွေ့ခဲ့ရသည်။


ထိုနေ့ နံနက် ၉နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်းဗဟိုကော်မတီမှ ပူးပေါင်းပါဝင် ဆင်ယင်ကျင်းပသော“(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား” အား စတင်ကျင်းပခဲ့ကြသည်။

 

8


အဆိုပါ အခမ်းအနားကျင်းပရာတွင် (၇၁)နှစ်မြောက်ကချင်ပြည်နယ်နေ့သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့လာသော သဝဏ်လွှာကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဖတ်ကြားခဲ့သည်။


ဆက်လက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံးအတွက် နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။


ဆက်လက်၍ ကချင်ပြည်နယ်နှစ်ခြင်းခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရဆရာတော်တစ်ပါးက ယနေ့ကျင်းပသော(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက်ကောင်းချီးမင်္ဂလာ ဆုတောင်းပေးပြီး အခမ်းအနားပထမပိုင်းကို ရုပ်သိမ်းခဲ့သည်။


ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်၍ ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောအကစုပေါင်းကပွဲကို ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသည့် ကချင်ပြည်နယ်တိုင်းရင်းသားများနှင့်အတူ မနောအကကိုတပျော်တပါး စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။


ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသားလူမျိုးစုပေါင်းစုံ၊ ရှမ်းတိုင်းရင်းသားလူမျိုးစုပေါင်းစုံ၊ ဗမာတိုင်းရင်းသားများနှင့်အခြားတိုင်းရင်းသားလူမျိုးများအားလုံးစုပေါင်းပါဝင် ဆင်နွှဲနိုင်ခဲ့ကြသော ကချင် ပြည်နယ်နေ့အခမ်းအနားနှင့် ကချင်ရိုးရာမနောကပွဲမှသည် “ယနေ့ကြွရောက်လာသည့်လူကြီးမင်းများနှင့် ညီအစ်ကို မောင်နှမများအားလုံးကို ကချင်ဘာသာအားဖြင့် (Dai ni na du sa ai Nu Wa hpu nau myit sun i tawng hpe)}}ဟူသော ကချင်ရိုးရာမနောအကတေးသံသာဖြင့် ဖျော်ဖြေပြီးကချင်ပြည်နယ်ရှိ ကချင်တိုင်းရင်းသားလူမျိုးများသာမက တစ်မြေတည်းနေတစ်ရေတည်းသောက် ပြည်ထောင်စုတိုင်းရင်းသား သွေးချင်းညီအစ်ကိုများ အားလုံးအတွက်စည်းလုံးခြင်းအင်အားအသွင်သဏ္ဌာန်ကိုဖော်ဆောင်စေသည့် ပွဲတစ်ခုဟု ဆိုနိုင်ပါပေသည်။


ထို့ကြောင့် ကချင်ပြည်နယ်၌ ဖူးပွင့်ဝေဆာလျက်ရှိသော ပန်းပေါင်းစုံလင်ကြသလို အရောင်အဆင်းမတူ တစ်မူကွဲပြားခြားနားကြသော်လည်း တစ်နယ်အတွင်းအလှကိုယ်စီဖြင့် ပွင့်လန်းလျက်ရှိကြကာ ကချင်ပြည်နယ်၏အလှအား အတူတကွထာဝရဖော်ဆောင် ပေးလျက်ရှိပါကြောင်း(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့သို့စာရေးသူ အလည်တစ်ခေါက်ရောက်ရှိလေ့လာခဲ့ရာမှ တစေ့တစောင်းရေးသားဖော်ပြ လိုက်ရပါသည်။ ။


ကြေးမုံ