နေပြည်တော် ၁၆ မေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID - 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက် နှင့် ၁၆ ရက်တို့တွင်  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ တပ်ကုန်းအင်ဂျန်ဒုံ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တပ်ကုန်းရာဒါကောင်း COC၊ စီတာပူဆွတ် ငိုင်တောင်၊ စီတာပူသီတာအေး၊ မြို့သစ်ကြီးဂျန်မိုင်ကောင်း RC၊ ရွှေစက်နှစ်ခြင်း၊ မန်ခိန်နှစ်ခြင်း၊ မြို့သစ်ကြီးဂျန်မိုင်ကောင်း နှစ်ခြင်းဘုရားကျောင်း IDP စခန်းများနှင့် ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တီမြို့ရှိ စင်ကြိုင်၊ မိုးညှင်းမြို့နယ်ရှိ စိန်ပက်ထရစ် IDP စခန်းနှင့် နန့်မွန်းနှစ်ခြင်းဘုရားကျောင်း IDP စခန်း စုစုပေါင်း IDP စခန်း(၁၃)ခုသို့ သွားရောက်၍ လက်သန့် ဆေးရည်ဘူး (၂၀၃၀)၊ ဆပ်ပြာခဲ (၅၆၄၀)၊ ထုံးအိတ်(၁၃၀)နှင့် အပူချိန်တိုင်းကိရိယာ (၁၀)ခု၊ လက်ဆေးစင်(၄)ခု၊ အဝတ်Mask (၂၀၂၆)ခု၊  Hand Speaker (၁)ခု၊ ကိုဗစ် - ၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၁)ခုနှင့် ဗီနိုင်း(၁)ချပ်တို့အား ထောက်ပံ့ခဲ့သည်။

 

အလားတူ မေ ၁၅ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဘာဆာရာ IDP စခန်းသို့ အဝတ် Mask (၄၅၇၆)ခု၊ မြောက်ဦးမြို့နယ်ရှိ အောင်စေတီဘုရားသိမ်၊ နရတ်စားဘုရားသိမ်၊ ကိုးနဝင်း ဘုန်းတော်ကြီးကျောင်း၊ ဘုရားပေါ်ဘုရားသိမ်၊ ရွာသစ်ကေဘုန်းတော်ကြီးကျောင်း၊ ဝက်လှဘုန်းတော်ကြီးကျောင်း၊ ရှော်မယ်(အ.မ.က)ကျောင်းရှိ ယာယီတိုက်ပွဲရှောင်စုရပ် စုစုပေါင်း(၇)ခုသို့ သွားရောက်၍ ဆပ်ပြာတောင့် (၄၆၃) တောင့်၊ Mask (၉၂၆)ခု၊ ထုံးအိတ်(၇၀)၊ လက်ဆေးစင်(၇)စင်တို့အား ထောက်ပံ့ခဲ့သည်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်