နေပြည်တော် ၂၇ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ ဆိုင်းဂျာ၊ ကတ်သလစ်၊ နှစ်ခြင်း၊ လီဆူ၊ ထန်းညနှင့်ညောင်နှစ်ပင် စုစုပေါင်း IDP စခန်း(၆)ခုတွင် လက်သန့်ဆေးရည်(၈၆၄)ဘူး၊ ထုံးအိတ်(၆၀)၊ ဆပ်ပြာ(၂၃၇၃)ခဲ၊ လက်ဆေးစင်(၁၁)ခု၊ Surgical Mask (၈၆၄)ခု၊ အဝတ် Mask (၆၇၁၂)ခု၊ အပူချိန်တိုင်း ကိရိယာ(၁၂)ခု၊ Hand Speaker (၆)ခု၊ ဗီနိုင်း(၆)ချပ်နှင့် ကိုဗစ်-၁၉ အသိပညာ ပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၆)ခု တို့အား သွားရောက်ထောက်ပံ့ခဲ့သည်။
အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ သဲချောင်း၊ ဒါးပိုင်၊ ခေါင်းဒုက္ကာ၊ ဘောဒူဖ(၁)၊ ဘောဒူဖ(၂)၊ သက္ကေပြင်၊ မော်သီညာ၊ အုန်းတောချေ၊ အုန်းတောကြီး(တောင်)၊ အုန်းတောကြီး (မြောက်)၊ ဆေးသမားကြီးနှင့် ဘာဆာရာ စုစုပေါင်း IDP စခန်း(၁၂)ခုတွင် လက်သန့်ဆေးရည် (၁၆,၇၂၇)ဘူး၊ အပူချိန်တိုင်းကိရိယာ (၆)ခုတို့အား သွားရောက် ထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


