နေပြည်တော် ၁၀ ဇန်နဝါရီ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ညနေ လေးနာရီထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်သည်။ ရွာရန် ရာနှုန်း(၆၀) ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်တွင် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင် အထိ တိုက်ခတ်နိုင်သည်။
ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၉ ပေခန့်နှင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၆ ပေခန့် ရှိနိုင်သည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်သည်။
နေပြည်တော်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အနေဖြင့် အများအားဖြင့် သာယာမည်။
MDN


