ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ IDP စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၂၀ မေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID - 19 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် ယနေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ လီဆူနှစ်ခြင်းဘော်ဒါ၊ AD 2000 နှင့် မိုးကောင်းမြို့နယ်ရှိ ကျွန်းတော IDP စခန်း စုစုပေါင်း (၃)ခုသို့ သွားရောက်၍ လက်သန့်ဆေးရည် (၆၉၈)ဘူး၊ ဆပ်ပြာခဲ၊ ထုံးအိတ် (၃၀)နှင့် အပူချိန်တိုင်း ကိရိယာ (၃)ခု၊ လက်ဆေးစင် (၆)ခု၊ အဝတ် Mask (၃၆၁၆)ခု၊ Hand Speaker (၂)ခုနှင့် ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၂)ခုတို့အား ထောက်ပံ့ခဲ့သည်။

အလားတူ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ ပန်ကူ IDP စခန်းသို့  သွားရောက်၍  အဝတ် Mask (၁၂၇၂)ခု၊ လက်သန့်ဆေးရည် (Hand gel) ဘူး (၂၁၀) နှင့် ဗီနိုင်း (၄)ချပ်တို့အား ထောက်ပံ့ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်