မြင့်ဆွေဦး
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခု နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး အဖြစ်နှင့် မြစ်ကြီးနားသို့ သွားရောက်ပြီး ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ တိုင်းရင်းသား ကချင်တပ်ဖွဲ့ကို စစ်ဆေးရန် သွားရောက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာနိုင်ငံစစ်တပ်အရာရှိချုပ် ဂျင်နရယ်သောမတ်(စ်)နှင့်အတူ မြစ်ကြီးနားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့ ညနေ ၃ နာရီခွဲအချိန်တွင် မြစ်ကြီးနားမြို့ရှိ ကုန်သည်ကြီးများအသင်း (ဗမာ၊ တရုတ်၊ ကုလား၊ ဂျိန်းဖောများ ပါဝင်သည်) က ဗိုလ်ချုပ်အောင်ဆန်းအား လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံလေသည်။ မြစ်ကြီးနားမြို့ပေါ်မှ အဖွဲ့ပေါင်းစုံလည်း တက်ရောက်ခဲ့သည်။ ၉ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၂) ကချင်ရိုင်ဖယ်တပ်ကို ကြည့်ရှုစစ်ဆေးသည်။ စစ်မြေပြင် လေ့ကျင့်ခန်းများမှ ပစ်သံခတ်သံများ ဆူညံနေသည့်ကြားသို့ ဗိုလ်ချုပ်အောင်ဆန်းသည် အထူးစိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှုလေသည်။ ထို့နောက် တပ်ရင်းတစ်ခုလုံးအား မိန့်ခွန်းပြောကြားလေသည်။
ကချင်-ဗမာချစ်ကြည်ရေးအကြောင်း၊ နောင်မကြာမီ လွတ်လပ်တော့မည့် ဗမာပြည်ကို ကာကွယ်ရေးအတွက် တိုင်းရင်းသား စစ်တပ်များ လိုအပ်သည့်အကြောင်း၊ ယခုတပ်တွင်းရှိ ရဲဘော်များ၏ အခက်အခဲ ပြဿနာများကို မကြာမီဖြေရှင်းနိုင်မည်ဖြစ်၍ စိတ်အားထက်သန်စွာဖြင့် စစ်ပညာရပ်များကို ယခုကပင် လေ့လာဆည်းပူးကြရန် အကြောင်းများကို ထည့်သွင်းဟောပြောခဲ့လေသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြစ်ကြီးနားမြို့၏ ရာဇဝင်တွင် အကြီးမားဆုံးဖြစ်သော လူထုအစည်းအဝေးပွဲကြီးကို ကျင်းပလေသည်။ မြို့အနီးအနားရှိ ကျေးရွာများမှ လည်းကောင်း၊ မိုးကောင်း၊ ဟိုပင်စသည့်တို့မှ လည်းကောင်း လူထုပရိသတ်များနှင့် ဗန်းမော်၊ ကသာတို့မှ ဖဆပလ အဖွဲ့ချုပ်ဝင်များ အားလုံးတို့သည် ထိုလူထု အစည်းအဝေးပွဲကြီးသို့ တက်ရောက်ခဲ့ကြလေသည်။ ဂျိန်းဖော(ကချင်) ဒူဝါကြီးများနှင့် ခေါင်းဆောင်ကြီးများလည်း တက်ရောက်လာကြသည်။ အစည်းအဝေးမစမီ ဂေါ်ရခါးအမျိုးသမီး လေးတစ်ဦးက ဗိုလ်ချုပ်အောင်ဆန်းအား ပန်းကုံးစွပ်လေသည်။ ဂေါ်ရခါးလူမျိုးတို့၏ ထုံးစံတွင် ဤသို့ပန်းကုံးစွပ်ခြင်းသည် အမှန်တကယ်ပင် ကြည်ညိုလေးစား၍ ခင်မင်ရင်းနှီးသည့် အထိမ်းအမှတ်ဖြစ်သည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ခက်ခဲ၍ အဓိပ္ပာယ် ရှုပ်ထွေးလှသော နိုင်ငံရေးစကားများကိုမပြောဘဲ အများသူငါ နားလည်နိုင်သည့် စကားတို့ဖြင့် လက်ရှိနိုင်ငံရေးအခြေအနေ၊ ဖဆပလအဖွဲ့ချုပ်အကြောင်းနှင့် ဂျိန်းဖော ဗမာချစ်ကြည်ရေးအကြောင်းများကိုသာ ဟောပြောလေ သည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်တွင် မြစ်ကြီးနားမြို့မြောက်ဘက် ငါးမိုင်အကွာရှိ မန်ခရင် ခေါ် ကချင်ရွာကလေး၌ ဗိုလ်ချုပ်အောင်ဆန်းအား ကချင်တိုင်းရင်းသားတို့ ဓလေ့ထုံးစံအတိုင်း နံနက်စာဖြင့် တည်ခင်းကျွေးမွေးလေသည်။ မန်ခရင်ရွာကလေးမှာ ဧရာဝတီမြစ်ကမ်းနဖူးဝယ် သာယာပြန့်ပြူးသောမြေ၌ လှပစွာတည်ရှိနေသည်။ သန့်သန့်ရှင်းရှင်းပြုပြင်ထား၍ အလွန်သပ်ရပ်ပြီး နေချင့်စဖွယ် ရွာကလေးဖြစ်သည်။
ရွာလယ်ရှိ စာသင်ကျောင်းဝင်းအတွင်း၌ ဝါးမဏ္ဍပ်ထိုးကာ တစ်ရွာလုံးက အလွန်ဖော်ရွေစွာဖြင့် ဗိုလ်ချုပ်အောင်ဆန်းအား ခရီးဦးကြိုပြုလျက် ကချင်ထမင်းကို ကျွေးမွေးလေသည်။ ဆရာဇော်လွန်းကိုယ်တိုင် လာ၍ငှဲ့ပေးသော ကချင်အရက် တစ်ခွက်ကို ရှေးဦးစွာ သောက်ရပြီး လာ၍ချသောထမင်းထုပ်ကို ဖြေပြီးစားရသည်။ ထမင်းနှင့်ဟင်း စားရသည်မှာ ကိစ္စမရှိ၊ ဖက်ရွက်ထိုး၍ ထည့်ထားသော ဟင်းချိုရည်ကို ဇွန်းမပါဘဲ မဖိတ်မစဉ်အောင်သောက်ရသည့်နည်းကို ဂျိန်းဖောတို့က ဗိုလ်ချုပ်အား ပြသပေးလေသည်။
ဂျိန်းဖောအမျိုးသမီးလေး တစ်ဦးက ရှေ့သို့ထွက်လာပြီး ကချင်ဓားတစ်လက်နှင့် လွယ်အိတ်တစ်လုံးကို ဗိုလ်ချုပ်အား လက်ဆောင်ပေးလေသည်။ ပေးရင်းနှင့် ဤသို့ ပြောလေသည်။
“ဒီဓားနဲ့လွယ်အိတ်ဟာ တန်ဖိုးအားဖြင့်တော့ သိပ်အဖိုးမတန်လှပါဘူး။ သို့ပေမယ့် ကျွန်မတို့အဖို့မှာ အင်မတန်ခင်မင်ရင်းနှီးတဲ့ ဆွေမျိုးသားချင်း မောင်နှမ အရင်းလိုလူမှသာ ပေးလေ့ရှိတာမို့ ပစ္စည်းက အဖိုးမတန်ပေမယ့် တကယ့်အဖိုးတန် တဲ့စေတနာနဲ့ ပေးတာပါရှင့်”
ထမင်းစားပွဲအပြီးတွင် ထိုနေ့ကို နောင်လည်း အမှတ်တရဖြစ်စေရန် ဗိုလ်ချုပ်နှင့် ဂျိန်းဖောခေါင်းဆောင်များစု၍ ဓာတ်ပုံရိုက်ကြလေသည်။ ဓာတ်ပုံထဲတွင် ဗိုလ်ချုပ်၏ လွယ်အိတ်နှင့်ဓားမှာ ကချင်အမျိုးသမီးလေးပေးလိုက်သော လက်ဆောင်ဖြစ်သည်။
ဗိုလ်ချုပ်သည် ကချင်လွယ်အိတ်လွယ်ပြီး ကချင်ခေါင်းပေါင်းပေါင်းလျက် ကချင် အမျိုးသမီးတစ်စုနှင့် အတူတွဲ၍ ဓာတ်ပုံရိုက်လေသည်။ ထိုသို့ ရိုက်ခါနီးတွင် ကချင် လူငယ်တစ်ဦးက “ဗိုလ်ချုပ်-ကချင်မိန်းကလေးတွေနဲ့ တွဲရိုက်တဲ့ဓာတ်ပုံကို ဗိုလ်ချုပ် ကတော်မြင်ရင် စိတ်ဆိုးနေပါဦးမယ်” ဟု ရယ်စရာသဘောဖြင့် ပြောလိုက်ရာ ဗိုလ်ချုပ်အပါအဝင် အားလုံးဝိုင်းရယ်ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မြစ်ကြီးနားခရီးစဉ်မှာ အလွန်အောင်မြင်ခဲ့ပြီး ကချင်ပြည်လူထု၏ ထောက်ခံမှုကို အပြည့်အဝရရှိခဲ့ပေသည်။
ချင်ပြည်နယ်ခရီးစဉ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်ခေါင်းဆောင်များနှင့် ပြည်သူလူထုအား မိန့်ခွန်းပြောကြားခဲ့သည်။ ထိုမိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပေါင်းချုပ် စာအုပ်များတွင် ပါဝင်ခြင်းမရှိသဖြင့် ထိုမိန့်ခွန်းကို ဖော်ပြလိုက်ပါသည်
ဒူဝါကြီးများနှင့် ဂျိန်းဖောအမျိုးသား၊ အမျိုးသမီးအပေါင်းတို့ ကျွန်တော်သည် ဂျိန်းဖောအမျိုးသားများအား မေတ္တာရှိ၍ သွေးသားရင်းချာကဲ့သို့ သဘောထားပါတယ်။ တိုင်းရင်းသား အချင်းချင်းတို့အပေါ်၌ ရင်းချာသော ညီအစ်ကိုကဲ့သို့ သဘောထားကြောင်းမှာ အပြောအားဖြင့် မဟုတ်၊ အလုပ်သဘောအားဖြင့်လည်း ပြခဲ့ပါပြီ။ (ဥပမာ- ဂျိန်းဖောစစ်တပ် သီးသန့် တည်ရှိလာရခြင်းမှာ ကျွန်တော်၏ ကြိုးစားလုံးပန်းမှုကြောင့်ပင် ဖြစ်လာရကြောင်း သိစေလိုပါတယ်။) အရှေ့အာရှ တောင်ပိုင်းမဟာမိတ်တို့၏ စစ်သေနာပတိချုပ် မောင့်ဘက်တန်နှင့် ကျွန်တော်တို့ စာချုပ်လာခဲ့တဲ့အတွက် ဖြစ်လာရပါတယ်။ စာချုပ်တွင် သူ့တိုင်းရင်းသား စစ်တပ်နှင့် သူ့တိုင်းရင်းသား မဟုတ်သူများက တိုင်းရင်းသားစစ်တပ်များတွင် စစ်ဗိုလ်များ ထားရှိရမည်ဟူသော သဘောတူညီချက် ပါရှိပြီးဖြစ်ပါတယ်။ ယခုတိုင်းရင်းသားမဟုတ်သူများက တိုင်းရင်းသားစစ်တပ်များတွင် စစ်ဗိုလ်များအဖြစ် ရှိနေကြသေးသော်လည်း ရုတ်သိမ်းအောင် ကြိုးစားလျက်ရှိနေပါတယ်။ စာချုပ်တွင်ရှိပြီးဖြစ်လို့ မဖြစ်နိုင်စရာအကြောင်း မရှိပါ။ အရင်တိုင်းရင်းသားများ အနှိမ်ခံကြရပါတယ်။ စစ်ဗိုလ်အတတ် တတ်ကြသော်လည်း တန်းတူမပေးကြဘူး။ ဂျမဒါ၊ ဆူဗဒါလောက်သာ ပေးခဲ့ကြတယ်။ ယခုဒီလို မဟုတ်တော့ဘူး။ တန်းတူ အဆင့်အတန်း ရနိုင်ကြတော့မယ်။ ဒါဟာလည်း တိုင်းရင်းသား အားလုံးအပေါ်မှာ ကျွန်တော့်ရဲ့ စေတနာထားပုံ သက်သေတစ်ခု ဖြစ်ရပ်ဖြစ်ပါတယ်။
ထို့အပြင် ကျွန်တော်တို့ အစိုးရအဖွဲ့၏ ပေါ်လစီကို ထုတ်ပြန်ကြေညာရာမှာလည်း တောင်တန်းနယ်များတွင် သူ့နယ်နှင့်သူ ဆိုင်ရာ တိုင်းရင်းသားများ ကိုယ်တိုင်အုပ်ချုပ်၍ ဗမာပြည်နှင့် စုပေါင်းညီညွတ်စွာရှိရန် ရည်ရွယ်ချက်ရှိကြောင်းကိုလည်း ကြေညာပြီး ဖြစ်ပါတယ်။ ဒါဟာလည်း တိုင်းရင်းသားများအပေါ်၌ စေတနာထားပုံ သက်သေတစ်ရပ် ဖြစ်ပါတယ်။
ကျွန်တော်တို့ဗမာပြည်အစိုးရဟာ တောင်တန်းနယ်ဆိုင်ရာ တိုင်းရင်းသားတို့၏ ကြီးပွားရေး တိုးတက်ရေးကို အထူးလိုလားပါတယ်။ ယခုတော့ စိတ်တိုင်းကျ လွတ်လပ်ရေး မရသေးတဲ့အတွက် လုပ်ချင်သလောက် မလုပ်နိုင်သေးဘဲ ရှိနေပါသေးတယ်။ ယခုတောင်တန်းနယ်များကို ဘုရင်ခံတစ်ဦးတည်းက တာဝန်ယူဆောင်ရွက် အုပ်ချုပ်နေပါတယ်။ ကျွန်တော်တို့လိုလားချက်က ရှမ်းပြည်၊ ဂျိန်းဖော၊ ချင်းတောင်များကို ဘုရင်ခံက တာဝန်မယူဘဲ တောင်တန်းနယ်များဆိုင်ရာ ရှမ်း၊ ဂျိန်းဖော၊ ချင်း အမျိုးသားများအား တာဝန်ပေးကာ ဆောင်ရွက်စေရန်ပင်ဖြစ်ပါတယ်။ ဒီကိစ္စအတွက်လည်း အင်္ဂလိပ်အစိုးရထံမှာ တောင်းဆိုထားဆဲရှိပါတယ်။ ယခုလို ဆောင်ရွက်တာဟာပင် ကျွန်တော်တို့က ဂျိန်းဖောစတဲ့ တိုင်းရင်းသားတွေအပေါ်မှာ စေတနာကောင်းထားကြောင်း၊ ချစ်ခင်ရင်းနှီးတဲ့ စိတ်ထားရှိကြောင်း သက်သေများပင်ဖြစ်ပါတယ်။
ဂျိန်းဖောလူကြီးများကို အထူးမှာလိုတာက အရေးအကြောင်းရှိ၍ အလိုရှိသော ကိစ္စများရှိပါက ကျွန်တော်တို့အစိုးရက အစွမ်းကုန်ဆောင်ရွက်ပေးပါမယ်။ မဆောင်ရွက်နိုင်တဲ့ကိစ္စများကိုတော့ မတတ်နိုင်ပါ။ ဂျိန်းဖောခေါင်းဆောင်လူကြီးများ ရန်ကုန်သို့ လာရောက်နိုင်အောင် ကြိုးစားစေချင်ပါတယ်။ အခြေအနေ အကျိုးအကြောင်းကို ကောင်းကောင်း သိနိုင်ကြပါလိမ့်မယ်။ ဆောင်ရွက်ပေးစရာရှိလျှင် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးနိုင်ပါတယ်။
အထူးသတိပြုစေလိုတဲ့အချက်တစ်ခုမှာ ကမ္ဘာပေါ်တွင် အရေးပါအရာရောက်နေတဲ့ နိုင်ငံကြီးများပင်လျှင် တစ်ဦးတည်း အပေါင်းအသင်းမရှိဘဲ မနေနိုင် မတည်တံ့နိုင်။ နီးစပ်ရာနိုင်ငံများနှင့် ပူးပေါင်းရေးအတွက် ဆောင်ရွက်ကြိုးစားနေရတယ်။ ဗမာပြည်လည်း နီးစပ်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရပါမယ်။ အားရှိအောင် ဖန်တီးရမယ်။ ဗမာတိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရန်လည်း အထူးအရေးကြီးပါတယ်။ ဂျိန်းဖောတခြား၊ ချင်းကတစ်ဖုံ၊ ရှမ်းကတစ်မျိုးဆိုသလို အကွဲကွဲအပြားပြား ဖြစ်နေလျှင် ဘယ်သူမှ အားရှိမှာ မဟုတ်ဘူး
ဒါကြောင့် တသီးတခြားနေလျှင် ဘေးအန္တရာယ်နှင့်မကင်းသည်ကို သတိပြုကြ ပြီးလျှင် တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်မှုကို အထူးလိုလားကြစေလို ပါတယ်။
မြန်မာ့အလင်း