မြစ်ကြီးနား ဇူလိုင် ၂၆
ကချင်ပြည်နယ် အမျိုးသမီးကော်မတီမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အတွင်းရှိ အမျိုးသမီးများဘဝ မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေးရက်ကြာ ပြုလုပ်သွားမည့် အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၃) ဖွင့်ပွဲကို ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အလုပ်ရုံဆွေးနွေးပွဲ ပထမအကြိမ် ဆောင်ရွက်နိုင်မှု၏ အကျိုးရလာဒ်များနှင့် ယနေ့ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ကြမည့် ဒေသအသီးသီးမှ အမျိုးသမီးများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၂၃)ကို ဇူလိုင် ၂၆ ရက် မှ ၂၉ ရက်အထိ ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ အမျိုးသမီး လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ အမျိုးသမီးများအား မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် အမျိုးသမီးများဘဝ မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာ၏ ဝန်ဆောင်မှုလုပ်ငန်းများ၊ မူဝါဒနှင့် ရည်မှန်းချက်များကို သိရှိနားလည်စေရေး ဆွေးနွေးပို့ချသွားမည် ဖြစ်သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် ၂၅ ရက် ညနေပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် တပ်ကုန်းရပ်ကွက်အတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်၌ မိုးစပါးစိုက်ပျိုးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်အတူ မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် လဝကရုံးသွားလမ်း၌ လည်းကောင်း၊ ရုံးကြီးလမ်းနှင့် ဆွမ်ပရာဘွမ်လမ်းဆုံမှ ပြည်နယ်အရန်ရဲတပ်ဖွဲ့ရုံးအထိ ဆွမ်ပရာဘွမ်လမ်းတစ်လျှောက် လမ်းဘေး ဝဲ/ ယာများတွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ ပလတ်စတစ်အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)