မြစ်ကြီးနား ၈ စက်တင်ဘာ 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၁၉ ခုနှစ်၊ ကချင်ပြည်နယ် တက္ကသိုလ်ဝင် စာမေးပွဲ ပညာရည်ချွန်ဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပပြုလုပ်လျက်ရှိရာ အဆိုပါအခမ်းအနားများ ကျင်းပနေမှုကို စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တာဝန်ရှိသူများက တက်ရောက်အားပေး ချီးမြှင့်ခဲ့ကြသည်။

 

3198

 

၂၀၁၉ ခုနှစ်၊ ကချင်ပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က တက္ကသိုလ်ဝင်စားမေးပွဲတွင် ကချင်ပြည်နယ်၏ အောင်မြင်မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

 

3402

 

ယင်းနောက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိပ္ပံဘာသာတွဲတွင် နိုင်ငံတော်အဆင့် ဒုတိယနှင့် တတိယဆုရ ကျောင်းသားများနှင့် ပြည်နယ်အဆင့် ဘာသာတွဲအလိုက် ဆုရကျောင်းသား/ ကျောင်းသူများ၊ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူများနှင့် မြို့နယ်အလိုက် အောင်ချက်အကောင်းဆုံး ကျောင်းများ၊ အောင်ချက်အများဆုံးရ ကိုယ်ပိုင်ကျောင်းများနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူးအများဆုံးထွက်ရှိအောင် စွမ်းဆောင်နိုင်သော ဆရာ/ ဆရာမများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပလျက်ရှိသော ကချင်ပြည်နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကျောင်းသား/ကျောင်းသူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အသင်းအဖွဲ့ဖြင့် စုပေါင်းလုပ်ဆောင်တတ်စေရန် ကစားနည်းများဖြင့် ထည့်သွင်းကျင်းပပေးနေမှု၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်နေမှုနှင့် အေးမြသီတာခန်းမ၌ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပနေမှုကို တက်ရောက်အားပေးကြည့်ရှုခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပြီး စက်တင်ဘာ ၈ ရက်အထိ အဆိုပါအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများအတွက် ပြိုင်ပွဲများ၊ ကစားနည်းများနှင့် စာအုပ်/စာစောင်များ ရောင်းချသည့် ဆိုင်ခန်းများဖြင့် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)