မြစ်ကြီးနား သြဂုတ် ၁၉
မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူနိုင်ရေးအတွက် ပြည်နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီက ကြီးမှူး၍ ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၁၉ ရက် နံနက် ၉ နာရီက ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ကချင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအနေဖြင့် ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး တည်နေရာ Point များကောက်ယူခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင် CU များရေးဆွဲခြင်း၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်း စသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယနေ့ ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်လှစ်ပြီး ခရိုင်/မြို့နယ်အဆင့် သင်တန်းများကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးက ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားရမည့် လုပ်ငန်းဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဗဟိုအဆင့် နည်းပြသင်တန်းတက်ရောက်ခဲ့သည့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်တင်က သင်တန်းတွင် ပို့ချသင်ကြားသွားမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူခြင်းဆိုင်ရာ အစီအမံများ၊ လုပ်ငန်းစဉ်များ၊ စာရင်းကောက်ကွက်များ၊ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ ဖြန့်ဝေပို့ဆောင်သွားမည့် အစီအစဉ်များကို ပါဝါပွိုင့်ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ Video Click ကို ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ် ကျေးမှုအဖွဲ့များ၊ အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် သန်းခေါင်စာရင်းဆိုင်ရာပစ္စည်းများ၊ လုပ်ငန်းစဉ်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ပြည်နယ်အဆင့် နည်းပြသင်တန်းကို ခရိုင်ကိုယ်စားလှယ်များပါဝင်သည့် သင်တန်းသား ၃၀ တို့ဖြင့် (၁၂)ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး ခရိုင်/မြို့နယ်အဆင့် နည်းပြသင်တန်း၊ ဆင့်ပွားနည်းပြသင်တန်းနှင့် စာရင်းစစ်/ စာရင်းကောက်သင်တန်းများကိုလည်း ဩဂုတ်လနှင့် စက်တင်ဘာလများတွင် ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


