မြစ်ကြီးနား ဇွန် ၂၁
ကချင်ပြည်နယ်၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ ပြည်နယ်ရှိ တိုင်းရင်းသူများ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ လုပ်ကိုင်နိုင်ပြီး မိသားစု စားဝတ်နေရေး အဆင်ပြေလာစေရန်နှင့် ကိုယ်ပိုင် တိုင်းရင်းသားလုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်ရေးအတွက် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲကို ဇွန် ၂၁ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ရက်ကန်းသင်တန်းကျောင်း၌ ပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “တိုင်းရင်းသူများအနေဖြင့် သင်ကြားပေးသည့် စက်ချုပ်ဆိုင်ရာ ဘာသာရပ်များကို တန်ဖိုးထားပြီး ကြိုးစားသင်ယူကြရန်နှင့် သင်တန်းပြီးမြောက်သည်နှင့် အကျိုးကျေးဇူးကောင်း များစွာရရှိမည်ဖြစ်ကြောင်း” မှာကြားသည်။
ထို့နောက် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်က ပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအောက်ရှိ သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဌာန၏ လုပ်ငန်းများ၊ ဖွင့်လှစ်သင်ကြားမည့် သင်တန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး အခြေခံစက်ချုပ်သင်တန်း တက်ရောက်ကြမည့် ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုများဖြစ်သည့် သင်တန်းသူ ၂၀ တို့က တစ်ဦးချင်း မိတ်ဆက် ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းကျောင်းအတွင်း ရက်ကန်းသင်တန်း ခြောက်လတက်ရောက်ပြီး စာမေးပွဲဖြေဆိုနေသည့် သင်တန်းသူများ၊ သဘာဝဆိုးဆေးသင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသူများနှင့် တစ်လကြာ အခြေခံ စက်ချုပ်သင်တန်း တက်ရောက်သင်ကြားနေသည့် သင်တန်းသူများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)