မြစ်ကြီးနား ဒီဇင်ဘာ ၃
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို ပြည်နယ်မသန်စွမ်းသူများအသင်းအဖွဲ့က အဖွင့်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် “အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” ဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်တွင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မသန်စွမ်းသူများအတွက် ကျန်ရစ်ခဲ့ခြင်း မရှိစေရေး ကိုယ်တိုင်ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် မမေ့မလျော့ ကူညီဆောင်ရွက်ပေးသွားကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော မသန်စွမ်းအသင်းအဖွဲ့များ၊ မသန်စွမ်းသူများအရေးဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့် လူမှုကူညီရေးအသင်းအဖွဲ့များက ကုလသမဂ္ဂထံမှ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပေးပို့လာသည့် သဝဏ်လွှာ ဗီဒီယိုကလစ်ကို ကြည့်ရှုအားပေးခဲ့ကြပြီး မသန်စွမ်းသူများအသင်းအဖွဲ့မှ ကျောင်းသား/ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြကာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ထပ်မံကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ကချင်ပြည်နယ် မသန်စွမ်းသူများအသင်းအဖွဲ့မှ ကျောင်းသား/ကျောင်းသူလေးများက ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ကချင်ပြည်နယ်မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးလမုန်ဂမ်ဖန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)