မြစ်ကြီးနား ဒီဇင်ဘာ ၁

 

ဗန်းမော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၂ ရက် နံနက် ၈ နာရီတွင် ဗန်းမော်ခရိုင်အတွင်းရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမသစ်လွင်များနှင့် တွေ့ဆုံခဲ့ကြသည်။

 

ဗန်းမော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ခရိုင်အတွင်းရှိ တက္ကသိုလ်များနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမသစ်လွင်များနှင့် တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အရေးကြီးသည့် အဓိကအခန်းကဏ္ဍတစ်ခု ဖြစ်သည့်အပြင် အတွေးအခေါ်၊ အမျှော်အမြင်၊ ဆင်ခြင်တံတရား၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးအားလုံး၏ အခြေခံလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနေသော တက္ကသိုလ်များသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် တက္ကသိုလ်များ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်လာစေရေးကို အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ဗန်းမော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးတို့က ကျောင်းဆိုင်ရာ အချက်အလက်များနှင့် လိုအပ်ချက်များကို တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က တက္ကသိုလ်များနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့အတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့၍ တက္ကသိုလ်များ၏ လိုအပ်ချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကာ တက္ကသိုလ်ဝင်းအတွင်း တည်ဆောက်လျက်ရှိသော စာကြည့်တိုက်၊ စာသင်ဆောင်နှင့် ဘောလုံးကွင်းပွဲကြည့်စင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာများ စုဖွဲ့၍ သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

 

ယင်းနောက် နမ့်ဖားကျေးရွာအတွင်းရှိ ကွင်းအမှတ် ၁၆၈ အတွင်း တောင်သူ ၃၉ ဦးတို့၏ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးခြံသို့ သွားရောက်၍ တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအပေါ် လိုအပ်ချက်၊ အခက်အခဲများကို ရင်းရင်းနှီးနှီးတွေ့ဆုံ မေးမြန်းဆွေးနွေးကြကာ စိုက်ပျိုးရေးအသိပညာပေး စာစောင်များနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မြေထောက်ပဲ၊ ပန်းမုန်လာ၊ မုန်လာထုတ်၊ မုန်ညှင်း၊ ပဲပုတ်၊ စလပ်ရွက်စိုက်ခင်းများတွင် သီးပင်စားပင်များ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေတို့ကို ကြည့်ရှုခဲ့ကြသည်။

 

ထိုမှတစ်ဆင့် ရွှေကျီးနားရပ်ကွက်အတွင်းရှိ ကျော်ထူးပိုင်(မိသားစု)၏ တစ်ပိုင်တစ်နိုင် ဥစားဘဲမွေးမြူရေးခြံသို့ သွားရောက်ပြီး ဘဲကောင်ရေ ၁၀၀၀ မွေးမြူထားရှိမှုနှင့် ငွေနှင်းမှိုစိုက်ပျိုး ဖြစ်ထွန်းနေမှု၊ စီးပွားဖြစ်ထွန်းနေမှု အခြေအနေတို့ကို ပတ်သက်၍ မေးမြန်းဆွေးနွေးကာ မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။  

 

ထို့နောက် ရွှေကျီးနားတံခွန်တိုင်ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ဦးဣန္ဒာသဖအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ မေးမြန်လျှောက်ထားပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေကျပ် ၁၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ သီတဂူစက္ခုအလင်းတန်း မျက်စိအထူးကုဆေးရုံ၌ ဗန်းမော်တွဲလက်များ ပရဟိတအသင်းမှ ဖွင့်လှစ်‌ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်လူနာများ ပြုစုစောင့်ရှောက်ကုသရေးစခန်းသို့ သွားရောက်ကာ အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး အသင်းအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ယင်းနောက် ညောင်ပင်ရပ်ကွက်ရှိ အ.လ.က(၃)ကျောင်းအတွင်း ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ အိမ်ထောင်စုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် ကာကွယ်ဆေးထိုးရန် လာရောက်သူများအား Mask များ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ကျောင်းခန်းမ၌ ဗန်းမော်မြို့အတွင်းရှိ IDPs စခန်း (၅)ခုမှ အိမ်ထောင်စုများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကား ပြောကြားပြီး စခန်း ၅ ခုမှ တာဝန်ခံများ၏ လိုအပ်သည်များ တင်ပြမှုအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကာ အိမ်ထောင်စုများအတွက် ဆန်အိတ် ၁၀၀၊ ခေါက်ဆွဲဖာ ၁၀၀ နှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ထိုမှတစ်ဆင့် ဗန်းမော်မြို့ သူနာပြုသင်တန်းကျောင်း၌ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုသင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် သူနာပြုသင်တန်းကျောင်းအုပ်ကြီးတို့မှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ယင်းနောက် ဗန်းမော်မြို့ စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းအဖွဲ့အစည်းများနှင့် စုပေါင်း၍ ခရစ်စမတ် ဆုတောင်းဝတ်ပြုပွဲသို့ တက်ရောက်ကာ ဘာသာရေးဆရာများမှ ဆုတောင်းဆက်ကပ်ပေးခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုကျူးဧခြင်း၊ ခရစ်စမတ်သီချင်းများ သီဆိုခြင်း၊ ကောင်းချီးတောင်းခံ ဆက်ကပ်ခြင်းအစီအစဉ်များတွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး ခရစ်စမတ်အလှူနှင့် လက်ဆောင်ပစ္စည်းများကို ဘာသာရေးဆရာများထံ အသီးသီးပေးအပ်ခဲ့ကြသည်။

 

ပြည်နယ်(ပြန်/ဆက်)