ဗန်းမော် ဒီဇင်ဘာ ၁၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၃ ရက်တွင် ခရိုင်အားကစားခန်းမသစ်နှင့် ခရိုင်မီးသတ်ဦးစီးမှူးရုံးသစ်များကို ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နံနက် ၈ နာရီခွဲတွင် ညောင်ပင်ရပ်ကွက်ရှိ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ခရိုင်အားကစားခန်းမသစ်ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မိုးလုံလေလုံ အားကစားခန်းမသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် အခြေခံကျသည့် အားကစားရုံ၊ အားကစားကွင်းများ ပြုပြင်မွမ်းမံခြင်း၊ အဆင့်မြင့်တင်ခြင်းများ၊ အသစ်တည်ဆောက်ခြင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ဗန်းမော်ခရိုင်အတွက် မိုးလုံလေလုံ အားကစားရုံအသစ်ကိုလည်း ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၄၃)သန်း အကုန်အကျခံ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ခန်းမကို များများအသုံးပြု၍ ကျန်းမာကြံ့ခိုင်သည့် လူငယ်လူရွယ်များပေါ်ထွက်လာရေး အသုံးချနိုင်ရန်လိုကြောင်းနှင့် အားကစားပြိုင်ပွဲများ အဆက်မပြတ် ပြုလုပ်ကျင်းပနိုင်ရေးအတွက် လုံလောက်သော ပံ့ပိုးကူညီများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ခရိုင်အတွင်းရှိ မြို့နယ်များမှ Physical Fitness Dance အဖွဲ့များ၊ ဝူရှူးအဖွဲ့၊ တိုက်ကွမ်ဒိုအဖွဲ့၊ လက်ဝှေ့အဖွဲ့နှင့် အမျိုးသားကာယဗလအဖွဲ့တို့က အားကစားနည်းအလိုက် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မြို့နယ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရွှေကူမြို့နယ်အသင်းနှင့် ဗန်းမော်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် ဆပ်ကော်မတီများအတွက် အားကစားပစ္စည်းများ၊ သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ တစ်ဦးချင်းဆုများ၊ ဆုရအသင်းများနှင့် တံခွန်ဒိုင်းဆုတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဗန်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပြန်လည်ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားနေမှုအခြေကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အောင်တံခွန်ခန်းမ၌ ခရိုင်ပညာရေးမှူး၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်ပညာရေးမှူးက ခရိုင်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြား နိုင်မှုအခြေအနေနှင့် ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၏ သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ပညာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း (၃၇၀ ဒသမ ၅၅၂)ဖြင့် တည်ဆောက်ပြီးစီးခဲ့သည် ဗန်းမော်ခရိုင် မီးသတ်ဦးစီးမှူးရုံးသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူးရုံး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
ထိုမှတစ်ဆင့် မြို့တော်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသဖြင့် နေရာတိုင်းတွင် အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်ကို အသုံးပြုနေရခြင်းကို အားလုံးအသိဖြစ်ပါကြောင်း၊ ယနေ့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင် လွယ်ကူစွာရရှိစေရေး ဆောင်ရွက်ပေးနေခြင်းဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့်လည်း တက်တက်ကြွကြွဖြင့် ပူးပေါင်းပါဝင်ပေးရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြား ၃၈၈၉ ကတ်နှင့် အိမ်ထောင်စုနှင့် လူဦးရေစာရင်း ၁၁၂၅ ကို ပြည်သူလူထုထံ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိ ဗန်းမာ်၊ မံစီ၊ မိုးမောက်၊ ရွှေကူ မြို့နယ်များမှ လူမှုပရဟိတအသင်းများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာကြားစကား ပြောကြားကာ လူမှုပရဟိတအသင်း ၂၄ သင်းတို့အတွက် ထောက်ပံ့ငွေကျပ် ၂၄ သိန်းနှင့် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ ၆၀၀ စုံ၊ နှာခေါင်း စည်း Mask ၂၀၀၀၀၊ Face Shield ၄၀၀ ခုတို့အား ထောက်ပံ့ပေးအပ်ခဲ့ကာ အသင်းများအတွက် လိုအပ်သည်များကို ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန်းမော်မြို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကားကြီးကွင်း တည်ဆောက်ရေးစီမံကိန်းအတွက် အဝင်လမ်း ရှင်းလင်းဆောင်ရွက်ထားရှိမှုနှင့် ကားကြီးကွင်း မြေနေရာတို့အား လည်းကောင်း၊ ဗန်းမော်မြို့ရှောင်လမ်းနှင့် ဗန်းမော်-မံစီ သွားလမ်းမကြီးတစ်လျှောက် လမ်းတိုးချဲ့၍ နိုင်လွန်ကတ္တရာအဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်နေမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ဗန်းမော်မြို့နယ်အတွင်းရှိ IDPs စခန်းများမှ တာဝန်ခံများနှင့် တွေ့ဆုံကာ ကြက်ဥ ၄၅၀၀ လုံးနှင့် အိမ်သုံး ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဗန်းမော်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်နှင့် နွေစပါး စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများနှင့် ဆက်လက်တွေ့ဆုံ၍ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်သည့်အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရေး၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများအသင်း ဖွဲ့စည်းတည်ထောင်နိုင်ရေး၊ နွေစပါး၊ မိုးစပါးအပြင် သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီး ဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ရိပ်သာအစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေး ၅၀ ရာခိုင်နှုန်း လွှမ်းခြုံထိုးနှံပြီးစီးရေး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်၍ တည်ငြိမ်အေးချမ်းစွာ သင်ကြားနိုင်ရေး၊ မကြာမီ ဖွင့်လှစ်မည့် တက္ကသိုလ်များအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပန်းခင်းစီမံချက်အတွက် ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ရာတွင် အရပ်ဖက်အဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ၊ ရပ်ဖများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဗန်းမော်မြို့ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ရုံး၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ မနောကွင်းနှင့် မနောတိုင် တည်ဆောက်နေမှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)