မြစ်ကြီးနား ၈ စက်တင်ဘာ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်အတွင်းရှိ ပြည်သူလူထုနှင့် တွေ့ဆုံပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ဒူကထောင်ရပ်ကွက် နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်း၌ သိက္ခာတော်ရဆရာတော်များ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး သိက္ခာတော်ရဆရာတော်များ၏ ဆုတောင်းမေတ္တာပို့သမှုကို ခံယူကာ ပြည်နယ်ဝန်ကြီးချုပ်က အသင်းတော်အတွက် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းသာယာပြီး ဖွံဖြိုးတိုးတက်သော၊ မူးယစ်ဆေးဝါးကင်းစင်သော ပြည်နယ်ကြီးတစ်ခုကို မျိုးဆက်သစ်များထံ အမွေအနှစ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခက်အခဲကိစ္စရပ်တိုင်းကို ဖြေရှင်းဆောင်ရွက်ရာတွင် ပြည်သူအားလုံးက မိမိတို့အစိုးရအဖွဲ့နှင့် ပူးပေါင်းပါဝင်ပြီး ဝိုင်းဝန်းဖြေရှင်းမှသာ အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားပြီး သိက္ခာတော်ရဆရာတော်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ဘုရားကျောင်းအနောက်ဘက်လမ်းအား ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်ကွက်အတွင်းရှိ ဝန်ပေါင်လမ်း အရှည် ၃၁၂၀ ပေနှင့် မြို့သစ်ကြီးရပ်ကွက် မင်္ဂလာလမ်း၊ ပေ ၄၁၀ဝ တို့အား ကတ္တရာလမ်းခင်းကျင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အဆိုပါရပ်ကွက်နှစ်ခုကြား မီးရထား သံလမ်းကူးနေရာ၌ သတိပေးဆိုင်းဘုတ် စိုက်ထူဆောင်ရွက်ရန်နှင့် ရေဝပ်သည့်နေရာများ၌ ရေစီးရေလာ ကောင်းမွန်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် အောင်နန်းရပ်ကွက်အတွင်း အောင်ချမ်းသာလမ်း ပေ ၂၀ဝ၀ နှင့် အောင်ရိပ်သာလမ်း၊ ပေ ၁၁၀ဝ နှင့် ကျွန်းပင်သာရပ်ကွက်အတွင်း လဝါးဇောင်းခေါင်လမ်း ပေ ၁၀ဝ၀ တို့ကို ကတ္တရာလမ်းအဖြစ် ခင်းကျင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဈေးကြီးလမ်းနှင့် ဧရာလမ်းဆုံ မီးရထားသံလမ်းကူးနေရာနှင့် ပြည်ထောင်စုလမ်းမကြီး၊ စည်ပင်သာယာလမ်းနှင့် ဧရာလမ်းဆုံ မီးရထားသံလမ်းကူးနေရာများ၌ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီ ဖြတ်သန်းသွားလာနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အံတော်ရှင်ဘုရားကျောင်းဝင်းရှေ့ ရေဝပ်သည့်နေရာနှင့် မိုင်တဲကွေ့ရေဝပ်သည့်နေရာများအား ကြည့်ရှုစစ်ဆေးပြီး ရန်ကြီးအောင်ရပ်ကွက်အတွင်း ယက္ကန်းကျောင်းမှ ပညာရေးကောလိပ်ကျောင်းရှေ့ လမ်းအားအဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)


