မြစ်ကြီးနား၊   ၅  ဒီဇင်ဘာ 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည်  ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနား မြို့၌ အားကစားကဏ္ဍပေါင်းစုံပါဝင်ပြီး ခေတ်မီသည့် အားကစားရပ်ဝန်းပေါ်ပေါက်လာစေရေး၊ နိုင်ငံအတွင်း အကြီးဆုံး ရေကူးကန်တည်ဆောက်ရေးစီမံကိန်းတို့အတွက် ဒီဇင်ဘာ  ၅  ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနပိုင် ငြိမ်းချမ်းသာယာအားကစားကွင်း၏(ကားကြီးကွင်းအဟောင်း)နေရာ၌ တည်ဆောက်သွားမည့် ရေကူးလမ်ကြောင်း (၁၀)လမ်းပါ အလျား ပေ ၁၅၀၊ အနံ ၇၅ ပေရှိ ရေကူးကန်အပါအဝင် သန့်စင်ခန်း၊ နားနေခန်းများ၊ ပွဲကြည့်စဉ်၊ ဆေးအဖွဲ့၊ ဒိုင်အဖွဲ့၊ ရုံးအဖွဲ့အခန်းများဖြင့် ဖွဲ့စည်းထားသည့်  မြန်မာနိုင်ငံ၏ အကြီးဆုံးရေကူးကန် တည်ဆောက်မည့် စီမံကိန်းနှင့် အားကစားနည်းပေါင်း စုံပါဝင်ပြီး အားကစား ပစ္စည်း ဆိုင်ခန်းများ၊ ဈေးဆိုင်ခန်းများပါဝင်သည့် ဘက်စုံအားကစားအားကစား ရပ်ဝန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းအစီအစဉ်များကို  ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးအောင်သူ နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းပေါင်းစုံကစားနိုင်ပြီး အားကစားပစ္စည်းဆိုင်ခန်းများ၊ ဈေးဆိုင်ခန်းများဖြင့် ခေတ်မီအဆင့်မြှင့်သည့် အားကစားရပ်ဝန်းတစ်ခု အကောင်အထည်ဖော်နိုင်ရေးအတွက် ရှိသည့်မြေနေရာတွင် စနစ်တကျရေးဆွဲ၍ စီမံကိန်းအကောင်အထည် ဖော်ရေး ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ကမ်းနားလမ်း၌ တည်ဆောက်လျက်ရှိသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဧည့်ရိပ်သာဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အဆောက်အဦအတွင်း ပါဝင်သည့် အိပ်ခန်းများ၊ ဧည့်ခန်းများ၊ အစည်းအဝေးခန်းမ၊ ဧည့်တွေ့ခန်းမများ၊ ထိန်းချုပ် ခန်းများ၊ မြေယာရှုခင်း အလှဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

(ပြည်နယ် ပြန်/ဆက်)