မြစ်ကြီးနား ၂၅ ဇန်နဝါရီ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်၊ အောက်ဘမ်လော်ဝေါ်ကျမ်း စာသင်ကျောင်း၌ ကျောင်းအုပ်ဆရာကြီး အပါအဝင် လော်ဝေါ်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံလော်ဝေါ်တိုင်းရင်းသားများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်သူ့အင်အားသည် အရေးကြီးသည်ဟု ခံယူပါကြောင်း၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ငြိမ်းချမ်းရေးအပါအဝင် အဖက်ဖက်မှ တိုးတက်အောင်မြင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ မျှော်မှန်းချက်ဖြစ်သည့် အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး မူးယစ်ဆေးဝါးကင်းစင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသားမျိုးနွယ်စုများ၏ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များကလည်း မိမိတို့နှင့်အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကျောင်းအုပ်ဆရာကြီး သိက္ခာတော်ရ ဒေါက်တာလွမ်းခေါင်က လော်ဝေါ်ရိုးရာခေါင်းပေါင်း၊ ဓားလွယ်နှင့် ကောက်ညှင်းပလိုင်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျမ်းစာကျောင်းအတွက် အလှူငွေ ၅ သိန်းကို ထောက်ပံ့ပေးအပ်ပြီး လော်ဝေါ်တိုင်းရင်းသားတို့၏ ရှေးဦးရိုးရာအကဖြစ်သည့် ဂျီဂေါ့အကနှင့် ရိုးရာအကဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ သိက္ခာတော်ရဆရာတော်များ၏ ဆုတောင်းဆက်ကပ်ပေးမှုနှင့် ကျောင်းအတွင်း လိုအပ်သည့် ပတ်လမ်းဖောက်လုပ်နိုင်ရေးအတွက် ကြည့်ရှုခဲ့ကြသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဝိုင်းမော်မြို့နယ်အတွင်းရှိ လာချိတ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ရိုးရာမနောကွင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အိမ်တော်၌ စာပေယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံကာ မနောကွင်းအတွင်း ပတ်လမ်းဖောက်လုပ်ပေးနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ဝိုင်းမော်မြို့ လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုကွင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် ရိုးရာမနောကွင်းနှင့် မနောတိုင်ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ စာပေနှင့်ယဉ်ကျေးမှု ဗိမာန်တော်အတွင်း ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များအား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဝိုင်းမော်မြို့ ဧရာဦးပန်းခြံအတွင်း ဝိုင်းမော်မြို့ မြို့တည်(၄၈)နှစ်ပြည့် အထိမ်းအမှတ် လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်ပြီးစီးမှုနှင့် ပန်းခြံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေတို့ကို လည်းကောင်း၊ ဝိုင်းမော်မြို့နယ် နောင်ဟီကျေးရွာတွင် ကျေးလက်လမ်းဦးစီးဌာနမှ ဖောက်လုပ်ပြီးစီးသည့် ကျေးရွာတွင်းလမ်း ၂၆၀ဝ ပေကို ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နောင်ဟီးနှစ်ခြင်းခရစ်ယာန် အသင်းတော်ရုံး၌ အသင်းတော်တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးရေး လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)