mdn

မြစ်ကြီးနား ၂၆ အောက်တိုဘာ

 

မြစ်ကြီးနားနှင့် ပူတာအိုခရိုင်ချင်းဆက်လမ်းဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်း၌ မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းပိုင်းအတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၃၊ ၂၄ ရက်တို့တွင် သွားရောက်စစ်ဆေးခဲ့ကြသည်။

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၃ ရက်တွင် မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းပိုင်း (၁၃၂)မိုင်အတွက် မိုင်တိုင်အမှတ် (၆၀/၅)သို့ ရောက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၉၄)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်မောင်အုန်းနှင့် လမ်းအထူးအဖွဲ့(၂)မှ ဒုတိယညွှန်ကြားရေးမှူးတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် လမ်းတစ်လျှောက် တောင်မြေချဲ့ခြင်း၊ အမာခံလမ်းပခုံးနှင့် အမာခံလမ်းတည်ဆောက်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ၉၉ မိုင် View Point ၌ မြေယာရှုခင်း တည်ဆောက်ထားရှိမှု၊ လမ်းပိုင်းပေါ်ရှိ တံတားအမှတ် (၆/၁၁၁) ဆီနင်ခတံတား (၂၀၄)ပေ၊ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် (၁၃၁)မိုင် ဆွမ်ပရာဘွမ်မြို့အဝင် ဆိုင်းဘုတ်တည်ဆောက်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်မြို့အတွင်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဆိုင်ခန်းပေါင်း (၄၇)ခန်းဖြင့် မြို့မဈေးတည်ဆောက်ပြီးစီးမှုနှင့် မြို့၏ ဘန်ရူခန်းမသစ် တည်ဆောက်ပြီးစီးမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဘန်ရူခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုအပိုင်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားကာ မြို့နယ်ပညာရေးမှူးရုံးအတွက် ကွန်ပျူတာတစ်စုံ လိုအပ်မှုကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဆွမ်ပရာဘွမ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၊ RC ဘုရားကျောင်း၊ နှစ်ခြင်းခရစ်ယာန် KBC အသင်းတော်ကျောင်းများနှင့် AG အသင်းတော်၊ COC အသင်းတော် ဘုရားကျောင်းများအတွက် ကျောင်းထိုင်ဆရာတော်များ၊ သိက္ခာတော်ရဆရာတော်တို့ထံ ငွေကျပ်(၁၀)သိန်း၊ ဆားမုန့်တစ်ဘူးနှင့် ဆန်(၁)အိတ်စီတို့ကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ မြို့မရပ်ကွက် ခုတင် (၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ ပြင်ဆင်ဆောက်လုပ် ပြီးစီးမှု အခြေအနေနှင့်  ဆေးရုံ၌ တက်ရောက်ဆေးဝါးကုသမှု ခံယူနေသော လူနာများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြပြီး မြို့မရပ်ကွက်၊ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ရွေးကောက်ပွဲ အောင်မြင်အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် လိုအပ်ချက်များ မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ဘန်ရူခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က (၄)နှစ်ကျော်ကာလအတွင်း အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တောင်ပေါ်မြေပြန့် တစ်ပြေးညီဖွံ့ ဖြိုးတိုးတက်ရေးအတွက် ခရိုင်(၄)ခုလုံးတွင် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပိုင်း ဆောင်ရွက်ပေးနိုင်မှုအပါအဝင် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း (၂၄)နာရီ မီးလင်းရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ပြည်သူကို တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ရေရှည်တည်တံ့သည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက်ကိုပါ တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ပေးလျက်ရှိရာ အားနည်းချက်၊ လိုအပ်ချက်များ ရှိနေမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုဖြစ်လာရန်အတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေး တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း လိုအပ်သည့် စိုက်ပျိုးရေ၊ သောက်သုံးရေရရှိရေး၊ မြေယာကိစ္စရပ်များ၊ တရားမဝင် ရွှေတူးဖော်မှုကိစ္စရပ်များ၊ တိုက်ပွဲရှောင်မြေနေရာကိစ္စရပ်များ၊ မြို့နယ်ဘောလုံးကွင်းခြံစည်းရိုး ဆောက်လုပ်ပေးရေး၊ ကျန်းမာရေးလိုအပ်ချက်များ၊ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးတို့ကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီး၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်၍ အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် တစ်ချို့လုပ်ငန်းများကို စီမံကိန်းလုပ်ငန်းများတွင် ထည့်သွင်းရေးဆွဲ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၂၅ ရက်တွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ထွက်ခွာခဲ့ပြီး ခကရန်းယန်ကျေးရွာတွင် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခကရန်းယန်၊ မိုင်းထောင်း၊ ကဝါးခ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံပြီး ကျေးရွာအုပ်စုများအတွင်း လိုအပ်ချက်များ ဖြစ်သည့် သောက်သုံးရေရရှိရေး၊ ဆက်သွယ်ရေးကောင်းမွန်ရေး၊ တိုက်ပွဲရှောင်များ ပြန်လည်နေရာချထားရေး၊ အခြေခံပညာကျောင်း လိုအပ်ချက်များနှင့် ဆရာ/ဆရာမနေအိမ် လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ပြီး ကျေးရွာအုပ်စုများအတွက် စားနပ်ရိက္ခာဆန်အိတ်များ ထောက်ပံ့ပေးနိုင်ရေးနှင့် ခကရန်းယန် အ.လ.က ကျောင်းအတွက် ကွန်ပျူတာတစ်စုံနှင့် မိတ္တူကူးစက်ရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)