မြစ်ကြီးနား မေ ၂၀
မြစ်ကြီးနား- မိုးကောင်း- မိုးညှင်း မီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိုးကောင်း- မိုးညှင်း မီးရထားလမ်းပိုင်း ၅၂ ဒသမ ၂၅ မိုင်အနက် ၃၀ ဒသမ ၉၁ မိုင်အထိ ပြုပြင်ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုအခါ မိုးကောင်း-မိုးညှင်း လမ်းပိုင်း ပြုပြင်မှုလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းပိုင်းပြုပြင်ပြီးစီးပါက မြစ်ကြီးနား- မိုးကောင်း- မိုးညှင်းအထိ မီးရထားပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမှတ်(၁)တိုင်း မြန်မာ့မီးရထားအင်ဂျင်နီယာဌာန အင်ဂျင်နီယာမှူး(မြို့ပြ) ဦးအောင်မော်နှင့် တာဝန်ရှိသူများက ကျန်ရှိနေသည့်လမ်းပိုင်းအား ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် အကြံပြုဆွေးနွေးမှုများကို ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


