မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရီးစဉ်ဒေသသစ်များနှင့် အပန်းဖြေစခန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနား မြို့နယ်အတွင်းရှိ အပန်းဖြေစခန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နှင့် (၂၀)မိုင်ခန့်ကွာဝေးသည့် အောင်မြင်သာကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးရှိ Yup(ယွပ်) Family အပန်းဖြေဥယျာဉ်သို့ သွားရောက်ပြီး အဆိုပါအပန်းဖြေစခန်းအတွင်း ပြည်ထောင်စုနေ့ ရုံးပိတ်ရက်တွင် ပြည်သူများ လာရောက်အပန်းဖြေနေမှု အခြေအနေများနှင့် အပန်းဖြေဥယျာဉ်အတွင်း ပန်းအလှပင်များ၊ အရိပ်ရအပင်ကြီးများနှင့် စပျစ်သီးပင်များ စိုက်ပျိုးထားရှိမှု၊ ဧရာဝတီမြစ်အတွင်း ကျောက်စိုင်၊ ကျောက်တုံးများဖြင့် လှပသည့် ရှုမျှော်ခင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် အဆိုပါ ကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိပိုင် Y Garden အပန်းဖြေစခန်းသို့ သွားရောက်ပြီး အပန်းဖြေစခန်းအတွင်း လာရောက်အပန်းဖြေသူများအတွက် ရေကူးကန်၊ မြေယာရှုခင်းအလှပြုပြင် ဆောင်ရွက်ထားရှိမှု၊ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုနှင့် ရေလိုင်းအတု စီးဆင်းပျော်ပါးနိုင်သည့်နေရာနှင့် ရေပန်းဥယျာဉ်၊ ကလေးကစားကွင်းများဖြင့် အသစ်တိုးချဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)