မြစ်ကြီးနား မတ် ၁၆
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့အား စိတ်အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကြို/ပို့ယာဉ်များ၊ ဆိုင်ကယ်များဖြင့် လာရောက်သည့် ကျောင်းသား ကျောင်းသူများအား ဘေးကင်းလုံခြုံစွာ လာရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးနေမှုနှင့် စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ် ကင်းရှင်းလုံခြုံစွာ စာဖြေနိုင်ရေး တာဝန်ရှိသူများက စနစ်တကျ ကူညီဆောင်ရွက်ပေးကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စာမေးပွဲကြီးကြပ်ရေးမှူးရုံးခန်း၌ တာဝန်ကျ ဆရာ ဆရာမများ နှင့်တွေ့ဆုံရာ တာဝန်ကျ ဆရာ ဆရာမများက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)လ-၃ ကျောင်း၊ ပညာဘဏ်၊ K.S.S ကျောင်း၊ IPSS-2 ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ စာရင်းပေးသွင်းထားသည့် ကျောင်းသား ကျောင်းသူ ၅၂၀ အနက် ၅၀၇ ဦး ဝင်ရောက် ဖြေဆိုလျက်ရှိသည့်အပေါ် စာမေးပွဲ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးကြရန် မှာကြားပြီး စာဖြေခန်းများအတွင်း ကျောင်းသား ကျောင်းသူများ ဖြေဆိုနေမှု၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးရေးအဖွဲ့ရုံးခန်း ဖွင့်လှစ်ကာ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှု၍ ချီးမြှင့်ငွေများ ပေးအပ်သည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကချင်ပြည်နယ်အတွင်းရှိ စာစစ်ဌာန အသီးသီး၌ စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၂၁၈၀ အနက် ရူပဗေဒဘာသာရပ်၌ ဖြေဆိုသူ စုစုပေါင်း ၉၄၁၅ ဦး၊ သမိုင်းဘာသာရပ်၌ ဖြေဆိုသူ ၂၂၀၈ ဦးရှိကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးစာမေးပွဲတွင် စာစစ်ဌာန သုံးခု၌ ပဉ္စမနေ့တွင် မြေတိုင်း ပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ၊ သီးနှံကာကွယ်ရေး၊ ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး စသည့်ဘာသာရပ်တို့ကို စာရင်းရှိဦးရေ စုစုပေါင်း ၂၀၀ တွင် ကျောင်းသား ကျောင်းသူအားလုံး ဖြေဆိုလျက်ရှိသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီက မြို့နေ ပြည်သူလူထုအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားလေဆိပ်အတွင်း လေယာဉ်ပြေးဆွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


