ဗန်းမော် ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေး၊ တရားဥပဒေစိုးမိုးမှု ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဇန်နဝါရီ ၂၉ ရက်က မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် ပြည်နယ်တည်ငြိမ်အေးချမ်းမှု ရှိစေရေးနှင့် ပြည်သူများ အေးချမ်း တည်ငြိမ်စွာ နေထိုင်လုပ်ကိုင် သွားလာနိုင်ရေးအတွက် မိမိတို့အနေဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း၊  ယခုအခါ နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော အဖွဲ့အစည်းများနှင့် ၎င်းတို့နှင့်ဆက်နွှယ်‌နေသော အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ နည်းလမ်းအမျိုးမျိုးဖြင့် လှုံ့ဆော်ခြင်းများ၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ပြည်နယ်တည်ငြိမ် အေးချမ်းရေးအတွက် မည်သည့် အကြမ်းဖက်၊ ခြိမ်းခြောက်ခြင်းများကိုမဆို မိမိတို့ပြည်သူများ ပါဝင်ခြင်းမရှိစေဘဲ စည်းရုံးလှုံ့ဆော်ပြီး ပြစ်မှုပြုလုပ်သူများကိုလည်း တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြပြီး ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ရပ်ကွက်၊ ကျေးရွာများအတွင်း ဆူပူအကြမ်းဖက်မှုများ ပြုလုပ်မှုမရှိစေရေး စီမံဆောင်ရွက်ထားရှိမှုများနှင့် အသိ‌ပေး နှိုးဆော်တိုက်တွန်းသည့် ဆိုင်းဘုတ်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေထားရှိမှု အခြေအနေများနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် သွားရောက်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊‌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် အရှိန်အဟုန်မပျက် ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး၊ ဆူပူအကြမ်းဖက်မှုများအတွက် စည်းရုံးလှုံ့ဆော်မှုများ မဖြစ်ပေါ်စေရေးကို အချင်းချင်းချိတ်ဆက် ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများက အသီးသီးနှုတ်ခွန်းဆက် အမှာစကားများပြောကြားခဲ့ကြပြီး တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ရပ်ကွက်ကျေးရွာများအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေး စည်းရုံးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မြသီတာဧည့်ရိပ်သာခန်းမ၌ ဗန်းမော်မြို့ရှိ ဈေးများမှ ဈေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ခရိုင်အတွင်းရှိ ဈေးများပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ ဈေးများ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ခရီးသည်တင်ယာဉ် မော်တော်ယာဉ်လိုင်းများ ပုံမှန်အတိုင်း လျင်မြန်ချောမွေ့စွာ ပြေးဆွဲဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းများ နှောင့်နှေးကြန့်ကြာ ခက်ခဲမှုမရှိစေရေး စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို အချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)