မြစ်ကြီးနား ၂၁ နိုဝင်ဘာ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စုအတွင်း ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်မိ၊ ရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့၊ စီတာပူ(သီတာအေး) ရပ်ကွက်အတွင်း ရေဝပ်သည့် တက္ကသိုလ်ပတ်လမ်း အရှည်ပေ ၁၅၀၀ လမ်းအား ကတ္တရာလမ်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါရပ်ကွက်အတွင်းရှိ စက်မှုဇုန်အပိုင်း ခါနာမ်ရွာလယ် လမ်းမ ပေ ၁၉၇၀ နှင့် လမ်းမကြီးမှတစ်ဆင့် ဗလမင်းထင် ပရိယတ္တိစာသင်ကျောင်းသွားလမ်း ပေ ၁၂၅၀ ကို ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ရေဝပ်သည့်နေရာတွင် ကွန်ကရစ်လမ်းဖြင့် တွက်ချက်တင်ပြနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများအား မှာကြားသည်။
ထိုမှတစ်ဆင့် နောင်နန်းကျေးရွာအုပ်စု၊ ကဝါးခကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ၊ ရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ကျေးရွာအတွက် လိုအပ်ချက်ရှိသည့် အာရ်စီ ဘုရားကျောင်းသွားလမ်း ပေ(၁၀၀၀)အား ကတ္တရာလမ်းခင်းပေးနိုင်ရေး၊ ကျေးရွာမူလတန်းကျောင်း၊ KG တန်းကျောင်းဆောင်သစ် ရရှိရေးနှင့် အားကစားကွင်းဆောင်ရွက်ပေးရေး တင်ပြမှုများနှင့်အပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပကာ အေးချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်လာရေးသည် အရေးကြီးသည့်အတွက် လိုအပ်ချက်များကို စီမံကိန်းလုပ်ငန်းများတွင် ရေးဆွဲပြီး ဘဏ္ဍာနှစ်အလိုက် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် (၈)မိုင်ကျေးရွာ၌ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ကျေးရွာ နယ်မြေ (၂၊ ၃ ၊၄)ကြားရှိ ရွာပတ်လမ်း အရှည် ၄၇၀၀ ပေ၊ ရွာလယ်လမ်းမ ပေ ၄၁၀၀ နှင့် ဆုတောင်းစခန်းသွားလမ်း ပေ ၂၃၀၀ တို့ကို ကတ္တရာလမ်းခင်းပေးနိုင်ရေး ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်း နိုင်လွန်ကတ္တရာခင်း ကျင်းဆောင်ရွက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လမ်းလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီတို့အား တင်ဒါလုပ်ထုံးလုပ်နည်းနှင့်အညီ အရည်အသွေးပြည့်မီမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားရေး မှာကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)


