မြစ်ကြီးနား မေ ၂၄
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များရှိ ယာယီခိုလှုံရာစခန်းများမှ ၎င်းတို့၏ မူလနေရပ် ကျေးရွာများဖြစ်သည့် ဝိုင်းမော်မြို့နယ် ဂါးရာယန်၊ ကဇူးနှင့် ဒဘတ်ယန်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်လျက်ရှိရာ အဆိုပါ နေရပ်ပြန်မိသားစုများ၏ စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် ပညာရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တာဝန်ရှိသူများနှင့်အတူ မေ ၂၃ ရက်တွင် ဒဘတ်ယန်ကျေးရွာ နှစ်ခြင်းဘုရားရှိခိုး ကျောင်း၌ ကျေးရွာများမှ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျေးရွာသုံးရွာကိုယ်စား ဒဘတ်ယန်ကျေးရွာ အုပ်ချုပ်ရေးမှူးက လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည့် အစီအမံများကို ပြန်လည်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာတောင်သူများအတွက် အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ ကို ဧက ၁၆၀ အတွက် မျိုးစေ့အိတ်များ၊ ဧက ၂၀၀ စာအတွက် အစေ့ထုတ်ပြောင်း မျိုးစေ့အိတ်များနှင့် ကျေးရွာကြိုဆိုဧည့်ခံရေးအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒဘတ်ယန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ပျက်စီးယိုယွင်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းဖွင့်ချိန်အမီ လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးနှင့် ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ ကျေးရွာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ထိုမှတစ်ဆင့် ကဇူးကျေးရွာ၌ အခြေခံပညာမူလတန်းကျောင်း ပျက်စီးယိုယွင်းမှုကြောင့် ယာယီကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေများနှင့် ဂါးရာယန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ပျက်စီးယိုယွင်းမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခပြီး ကျောင်းဖွင့်ချိန် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအကြား ညှိနှိုင်းပေါင်းစပ်ပေးကာ စိုက်ပျိုးမြေ ဖော်ထုတ်ပေးနိုင်ရေး ရွေးချယ်ထားသည့် မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)