မြစ်ကြီးနား ဧပြီ ၂
၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ် ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၁ ရက်မှ ဧပြီ ၄ ရက်အထိ ပြည်နယ်အတွင်းရှိ စာဖြေဌာနအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ဖြေဆိုနေသော သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁ ရက် မွန်းလွဲပိုင်းက သွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြစ်ကြီးနားစာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေသော သံဃာတော် ၁၁ ပါးနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေသော သံဃာတော် ၁၁ ပါးတို့ကို ဝန်းသိုကျောင်းတိုက်ဆရာတော် ဦးဆောင်သော အထူးကြီးကြပ်နှင့် ကြီးကြပ်ရေးဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး စာမေးပွဲဆိုင်ရာကိစ္စရပ်များ မေးမြန်းလျှောက်ထားတင်ပြကြကာ စာဖြေဆရာတော်များအတွက် အချိုရည်၊ မုန့်များနှင့် အလှူငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကို ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် စာဖြေဌာနများ ဖွင့်လှစ်ကျင်းပလျက်ရှိရာ မြစ်ကြီးနားနှင့် ဗန်းမော် စာဖြေဌာနတို့တွင် သံဃာတော်များနှင့် သီလရှင်ဆရာကြီး (၂၂)ပါး ဖြေဆိုလျက်ရှိပြီး ပါဠိပထမပြန် စာမေးပွဲကို မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ ဗန်းမော်၊ ရွှေကူ စာဖြေဌာနတို့တွင် သံဃာတော်နှင့် သီလရှင်ဆရာကြီး ၆၆ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ညနေပိုင်းတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် မြစ်ကြီးနားမြို့ရှိ အားကစားကွင်းများ၊ မိုးလုံလေလုံအားကစားခန်းမများ၊ အားကစားကလပ်များတွင် ၂၀၂၃ ခုနှစ် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်နယ်ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမများ၌ လက်ဝှေ့သင်တန်း၊ အမျိုးသား/ အမျိုးသမီး ဘောလီဘောသင်တန်း၊ ကရာတေးနှင့် တိုက်ကွမ်ဒိုသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး အားကစားနည်းအလိုက် နည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနဝင်းရှိ မနောဧရာရေကူးကန်၌ ရေကူးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)