မိုးကောင်း ဇူလိုင် ၁၆

 

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် မိုးကောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် လုပ်ငန်းများအား ဇူလိုင် ၁၅ ရက်တွင် လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတောင်ကျေးရွာအုပ်စု မြတောင်ကျေးရွာရှိ ကွင်းအမှတ်(၆၄) တောင်သူ ဦးမျိုးမျိုးမင်း၏ ဆင်းဧကရီ-၃ စပါးမျိုး မျိုးစေ့ထုတ်စံပြစိုက်ခင်း၌ ရောက်ရှိရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်မှ လယ်ယာစိုက်ပျိုးထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားပြီး ဒေသခံတောင်သူတစ်ဦး၏ စိုက်ပျိုးရေရရှိရေး၊ ရေနုတ်မြောင်းရရှိရေးနှင့် ပတ်သက်၍ တင်ပြချက်အပေါ် လယ်ယာစိုက်ပျိုးထားရှိမှုနှင့် ရေနုတ်မြောင်းတူးဖော်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ အောင်သာကျေးရွာ၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် မွေးမြူထားသည့် ဝက်(၅၂)ကောင် ထားရှိသည့်နေရာသို့ လိုက်လံကြည့်ရှုပြီး ဝက်မွေးမြူသူများအား မွေးမြူရေးအထောက်အကူပြု ဝက်ဝမ်းချရောဂါ ကာကွယ်ဆေး ထောက်ပံ့ပေးအပ်ပြီး ကျေးရွာကော်မတီနှင့် မွေးကုဌာနသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျွန်းတောရပ်ကွက်ရှိ ဦးကြည်ဆွေ စိုက်ပျိုးထားသော ဆင်းဧကရီစပါးစိုက်ခင်း စိုက်ပျိုးရောက်ရှိကာ စပါးစိုက်ခင်းအား လှည့်လည်ကြည့်ရှုပြီး ဒေသခံတောင်သူများအား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် အ.ထ.က(၂)ကျောင်း၌ (၅)နှစ်ပြည့်ပြီးသော KG ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး First Doses ထိုးနှံပေးမှုနှင့် အသက်(၁၂)နှစ်မှ (၁၈)နှစ် ကျောင်းသား ကျောင်းသူများအား Second Booster Dose ထိုးနှံပေးမှုအားလည်းကောင်း၊ ပညာရေးဌာနမှ ကျောင်းအုပ်ဆရာမကြီးနှင့် ပညာရေးဝန်ထမ်းများအား တွေ့ဆုံခြင်းဖြင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ နောင်ကိုင်တော်ရပ်ကွက်ရှိ ဘိုကြီးဆန်စက် လုပ်ငန်းလည်ပတ်နေမှုအား လည်းကောင်း၊ ဈေးကုန်းရပ်ကွက် လမ်းဘေးဝဲ/ယာ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခြင်းဖြင့်လည်းကောင်း၊ သမဝါယမအသင်းစုပိုင် ဆီကြိတ်စက် လည်ပတ်နေမှုအားလည်းကောင်း၊ နမ္မတီး မြို့လှရပ်ကွက်ရှိ မြို့တော်ခန်းမ ဆောက်လုပ်ပြီးစီးမှု လုပ်ငန်းကိုလည်းကောင်း၊ မရမ်းကျေးရွာ ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းမကြီးအလယ် ကတ္တရာလမ်းအကျယ် (၁၀)ပေ အနက်(၄)ပေခန့် ပြိုကျပျက်စီး၍ ဘေလီတံတား တည်ဆောက်ထားရှိမှုအားလည်းကောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)