မြစ်ကြီးနား ဧပြီ ၂၃

 

ကချင်ပြည်နယ်မှ ပုဂံ၊ တောင်ကြီး၊ ငွေဆောင် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီး သွားရောက် စခန်းသွင်းလေ့ကျင့်ကြမည့် ပြည်နယ်ကိုယ်စားပြု လူရည်ချွန်များအား ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ တွေ့ဆုံနှုတ်ဆက်အားပေးခဲ့သည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ပြည်နယ်ကိုယ်စားပြု လူရည်ချွန်မောင် မယ်များအနေဖြင့် မိမိတို့သွား‌ရောက်ကြရမည့် လူရည်ချွန်စခန်းများတွင် စည်းကမ်းလိုက်နာပြီး ဘက်စုံတော်သော ကျောင်းသား/ ကျောင်းသူများဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း၊ ဒါ့အပြင် မိမိတို့ရောက်ရှိသည့် လူရည်ချွန်စခန်းများတွင် မိမိတို့ကဲ့သို့ ဘက်စုံတော်သော မြန်မာပြည်အနှံ့အပြားမှ သူငယ်ချင်းမိတ်ဆွေများ၏ ဓလေ့ရိုးရာ၊ ဒေသအကြောင်းများနှင့် အသိပညာ၊ ဗဟုသုတများကိုဖလှယ်ပြီး အချင်းချင်းချစ်ကြည်စည်းလုံးစွာ နေထိုင်ကြရန်လိုအပ်ပါကြောင်း၊ ထို့အပြင် လူရည်ချွန် မောင်မယ်များအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

 

ထို့နောက် ကချင်ပြည်နယ်ကိုယ်စားပြု လူရည်ချွန်စခန်းများသို့ သွား‌ရောက်ကြမည့် မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်တို့မှ လူရည်ချွန်မောင်မယ် (၁၂)ဦးနှင့် ကြီးကြပ်ဆရာ/ ဆရာမများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန် မောင်မယ်များအတွက် ထောက်ပံ့ငွေကျပ် ၂၇ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လူရည်ချွန် မောင်မယ်များ၊ ကြီးကြပ်ဆရာ/ဆရာမများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များ၊ ကြီးကြပ်ဆရာ/ဆရာမများ၊ မိဘများနှင့်အတူ နံနက်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။

 

မြန်မာနိုင်ငံအတွင်းရှိ လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးစဉ် သွားရောက်ကြမည့် ပြည်နယ်ကိုယ်စားပြု လူရည်ချွန်မောင်မယ်များကို မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအိုခရိုင် စသည့် ခရိုင် (၄)ခုမှ တစ်ခရိုင်လျှင် (၆)ဦးဖြင့် စုစုပေါင်း (၂၄)ဦး ရွေးချယ်စေလွှတ်သွားခြင်းဖြစ်ကြောင်းနှင့် ဗန်းမော်ခရိုင်နှင့် ပူတာအိုခရိုင်တို့မှ လူရည်ချွန်များနှင့် ကြီးကြပ်ဆရာ/ဆရာမများသည် သက်ဆိုင်ရာခရိုင်များမှတစ်ဆင့် လေကြောင်းခရီးစဉ်ဖြင့် သွားရောက်စေလျက်ရှိပြီး နေပြည်တော်စုရပ်တွင်စုဝေး၍ ကြီးကြပ်ဆရာ/ဆရာမများနှင့်အတူ သက်ဆိုင်ရာ လူရည်ချွန်စခန်းများသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)