မြစ်ကြီးနား စက်တင်ဘာ ၂၃

 

ကချင်ပြည်နယ်၏ စက်မှုလက်မှုလုပ်ငန်းများအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပြည်နယ်ပြင်ပမှ မှာယူတင်သွင်းနေရသည့် ဘိလပ်မြေကို ပြည်နယ်အတွင်း၌သာ စက်ရုံတည်ဆောက် ထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ မွန်းလွဲ ၁ နာရီတွင် ဌာနဆိုင်ရာများ၊ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့သည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်၏စီးပွားရေးနှင့် ပတ်သက်၍ ဦးတည်ချက်(၉)ရပ်တွင် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒ(၃)ရပ်ကို ချမှတ်ဆောင်ရွက်ထား ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် တိုင်းနှင့် ပြည်နယ်၊ မြို့ပြနှင့် ကျေးလက်ကွာဟမှုလျော့ချရေးကို အလေးထားဆောင်ရွက်ကြရန် မှာကြားထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအပြင် တည်ဆောက်ရေးလုပ်ငန်းများ၊  အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာစေရေး အတွက် ပြည်နယ်ပြင်ပမှ မှာယူတင်သွင်းနေရသည့် ဘိလပ်မြေကို ပြည်နယ်အတွင်း၌သာ စက်ရုံ တည်ထောင်ထုတ်လုပ်ရန် လိုအပ်ပါကြောင်း၊ ယနေ့ ပြည်နယ်အတွင်းနှင့် ပြည်တွင်း၊ ပြည်ပတွင် ရောက်ရှိ နေကြသည့် ဒေသခံစီးပွားရေးသမားများ၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်အတွင်း အများပိုင် ဘိလပ်မြေစက်ရုံ တည်ဆောက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

 

ယင်းနောက် ပြည်နယ်အတွင်း အများပိုင်ဘိလပ်မြေစက်ရုံ အကောင်အထည်ဖော် တည်ဆောက်ရေးနှင့် ပတ်သက်၍ အသေးစိတ်လေ့လာ ဆန်းစစ်ခဲ့မှုအခြေအနေများ၊ ဘိလပ်မြေထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ၊ လောင်စာပစ္စည်းများ ရရှိနိုင်မှုနှင့် ထုတ်လုပ်နိုင်မှုအခြေအနေများ၊ ထွက်ရှိသည့် ဘိလပ်မြေများကို ဈေးကွက်အတွင်း ဖြန့်ဖြူးတင်ပို့ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့်  စက်ရုံဖြစ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် နည်းလမ်းများ၊ လုပ်ငန်းစီမံကိန်းများအပေါ် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးပွင့်လင်းစွာ အကြုံပြုသုံးသပ် ဆွေးနွေးခဲ့ကြသည်။

 

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဘိလပ်မြေစက်ရုံဖြစ်မြောက်ရေး ပြည်နယ်အတွင်းမှ ဒေသခံစီးပွားရေးလုပ်ငန်းအသီးသီးမှ တာဝန်ရှိသူများပါဝင်သည့် အများပိုင်ဘိလပ်မြေစက်ရုံ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းဖြစ် သည့်အတွက် တိကျခိုင်မာသည့် လုပ်ငန်းမူဘောင်များ ချမှတ်ဆောင်ရွက်နိုင်ရေးနှင့် ဘိလပ်မြေစက်ရုံ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး အချင်းချင်း စဉ်ဆက်မပြတ်တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းသွားရေးတို့ကို  ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။  

(ပြည်နယ် ပြန်/ဆက်)