မြစ်ကြီးနား ဇန်နဝါရီ ၁
တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ကြမည့် ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် အောင်နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်သည်။
အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် အုပ်ချုပ်/ထောက်ပံ့မှုဆိုင်ရာများ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ အသင်းအုပ်ချုပ်သူ ဒေါ်ခင်မိုးသဲက အောင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ခဲ့မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ပြိုင်ပွဲမှတစ်ဆင့် အတွေ့အကြုံကောင်း၊ သင်ခန်းကောင်းတွေ ဖော်ထုတ်ရယူခဲ့ကြရန် လိုကြောင်း၊ အားကစားသမားကောင်း စိတ်ဓာတ်ဖြင့် တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြင့်တင်နိုင်သည့် အားကစားချစ်ကြည်ရေး သံတမန်ကောင်းတာဝန်ကို ကျေပွန်ခဲ့ကြရန် လိုကြောင်း၊ ထို့အပြင် အားကစားနှင့် ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်းများအဖြစ် သမိုင်းမော်ကွန်း ရေးထိုးခဲ့ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်းတို့က ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီး ဘောလုံးအသင်း အောင်နိုင်ရေးအတွက် ပံ့ပိုးကူညီလှူဒါန်းပေးကြသည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး U-25 အမျိုးသမီး ဘောလုံးအသင်းအတွက် အောင်နိုင်ရေး အလံကို အသင်းအုပ်ချုပ်သူများထံ ပေးအပ်သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆင်ယင်ပြသသွားမည့် ပြည်နယ်၏ အထင်ကရနေရာများ၊ ထုတ်ကုန်များနှင့် ရိုးရာဓလေ့ထုံးစံများအား မော်တော်ယာဉ် သုံးစီးဖြင့် အလှဆင်၍ ပါဝင်ပြသနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုများနှင့် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များအပေါ် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ပြည်နယ်(ပြန်/ဆက်)