မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် မိမိတို့ရိုးရာ အစဉ်အလာများအတိုင်း ထုံးတမ်းဓလေ့ပွဲတော်များကို နှစ်စဉ်ကျင်းပလေ့ရှိရာ ကောက်သစ်စားပွဲများသည် ထင်ရှားသော ရိုးရာပွဲတော် တစ်ခုဖြစ်ပေသည်။ တစ်နှစ်တာအတွင်း မိမိတို့ စိုက်ပျိုးခဲ့သည့် ကောက်ပဲသီးနှံများအနက် အထူးသဖြင့် စပါးများထွက်ရှိ ရိတ်သိမ်းချိန်တွင် ကောက်သစ်စားပွဲများကို ကျင်းပလေ့ရှိကြသည်။

 

ယေဘုယျအားဖြင့် ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသည့် ကချင်တိုင်းရင်းသားများ၏ ကောက်သစ်စားပွဲတော်သို့ လာရောက် လေ့လာရန် ဖိတ်ခေါ်ခဲ့သဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှ ရွာသစ်ကျေးရွာသို့ ကျွန်တော်သွားရောက်ခဲ့ပါသည်။

 

ကချင်တိုင်းရင်းသားများ နေထိုင်ရာ မိုးညှင်းမြို့နယ်

 

ကချင်တိုင်းရင်းသားများ နေထိုင်ရာ ဒေသတစ်ခုဖြစ်သည့် မိုးညှင်းမြို့နယ်သည် မိုးကောင်း၊ ရွှေကူ၊ အင်းတော်၊ ဟုမ္မလင်းနှင့် ဖားကန့်မြို့နယ်များနှင့် ထိစပ်နေကာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း၌ တည်ရှိသည်။ လက်ရှိမိုးညှင်းခရိုင်ကို မိုးညှင်း၊ မိုးကောင်းနှင့် ဖားကန့်မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားသည်။

 

၂ဝ၁၇ ခုနှစ် မတ်လတွင် ထုတ်ပြန်သည့် စာရင်းများအရ မိုးညှင်းမြို့နယ်ကို မြို့နှစ်ခု၊ ရပ်ကွက်ကိုးရပ်ကွက်၊ ကျေးရွာ အုပ်စု ၃၇ စု၊ ကျေးရွာ ၁၂၇ ရွာဖြင့် ဖွဲ့စည်းကာ မိုးညှင်းမြို့နယ်အတွင်း၌ နေထိုင်ကြသည့် လူဦးရေ ၂ဝ၅၂၃၈ ဦးတွင် ကချင်လူမျိုး ၁၃၇၁ဝ ဦးနှင့် ရှမ်းလူမျိုး ၇၄၃၂၇ ဦး ပါဝင်သည်။

 

မိုးညှင်းမြို့နယ်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံး ရေချိုအိုင်ဖြစ်သည့် အင်းတော်ကြီး ပတ်လည် တွင် ကျေးရွာ ၁၉ ရွာရှိသည့်အနက် ရွာသစ်ရွာသည် တစ်ခုအပါအဝင်ဖြစ်ကာ ယင်းရွာများအနက် အငယ်ဆုံးရွာလည်း ဖြစ်ပေသည်။

 

မိုးညှင်းမြို့နယ် ဟိုပင်မြို့မှ မိုင် ၃ဝ ကွာ ဝေးသည့် လုံးစန့်ကျေးရွာအုပ်စု ရွာသစ်ရွာတွင် အိမ်ခြေ ၃ဝဝ ခန့်သာရှိပြီး ဟိုပင်မြို့မှ မော်တော်ဆိုင်ကယ်ဖြင့် နှစ်နာရီ ကျော်ကြာသွားရသည်။ ရွာသစ်တွင် ရှမ်းနီ၊ မြန်မာနှင့် ကချင်လူမျိုးများ နေထိုင်ကြပြီး ကျေးရွာနေပြည်သူများသည် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြကာ ရွာ၌ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတို့ တည်ရှိသည်။ လူမျိုးဘာသာမခွဲခြားဘဲ စည်းလုံးညီညွတ်စွာနေထိုင်ကြသည့် ယင်းကျေးရွာတွင် ကောက်သစ်စားပွဲတော်များကို ဗုဒ္ဓဘာသာ ကိုးကွယ်သည့်ရှမ်းနီနှင့် မြန်မာလူမျိုးများက ဗုဒ္ဓဘာသာအစဉ်အလာအတိုင်း ကျင်းပကြသကဲ့သို့ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသည့် ကချင်လူမျိုးများကလည်း ခရစ်ယာန် ဘာသာထုံးတမ်းအတိုင်း ကျင်းပလေ့ရှိကြသည်။

 

ကောက်သစ်စားပွဲများတွင် ဗုဒ္ဓဘာသာဝင်များက ရဟန်းသံဃာများကို ပင့်ဖိတ်၍ ကောက်ဦးဆွမ်းကပ်ကြကာ ခရစ်ယာန် ဘာသာဝင်များကလည်း ခရစ်ယာန်ဘာသာဆိုင်ရာ ဓမ္မဆရာကို ပင့်ဖိတ်၍ ဆုတောင်းပွဲများ ပြုလုပ်ကြသည်။

 

စပါးကိုအဓိကစိုက်ပျိုးသည့် ယင်းနယ်မြေတွင် ကောက်သစ်စားပွဲများကို နှစ်စဉ် မိုးစပါး ရိတ်သိမ်းပြီးချိန်တွင် ကျင်းပလေ့ရှိကြသည်။ဒေသအတွင်း၌ စပါးအပြင် ပဲပုပ်၊ မြေပဲနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးကြသော် လည်း စပါးထွက်ရှိသည့် လတွင်သာကောက်သစ် စားပွဲကိုကျင်းပလေ့ရှိကြသည်။

 

ရွာသစ်ရွာတွင် ရှမ်းနီနှင့်ရှမ်းမျိုးနွယ်စုများ၏ ကောက်ဦးဆွမ်းတင်လှူပွဲနှင့် ရိုးရာနှစ်သစ်ကူးပွဲတော်ကို ကျင်းပ၍ စုပေါင်း ကောက်သစ်စားကြပြီး ကချင်လူမျိုးများက တစ်အိမ်ချင်း ကောက်သစ်စားပွဲများကို ပြုလုပ်ကြသည်။

 

ကောက်သစ်စားပွဲ အကြို

 

ကောက်သစ်စားပွဲပြုလုပ်မည့် ခရစ်ယာန် ဘာသာဝင် အိမ်ရှင်သည် ကောက်သစ်မစားမီ ရွာတွင် နေထိုင်ကြသူများနှင့် ဆုတောင်းပေးမည့် ခရစ်ယာန်ဓမ္မဆရာကို ကြိုတင်ဖိတ်ကြားရသည်။ ကောက်သစ်စားပွဲတွင် ကျွေးမွေးမည့် ထမင်းဟင်းလျာများကို ညဦးကပင် ကြိုတင်ချက်ပြုတ်ကြရသဖြင့် ရွာရှိ အပျို၊ လူပျိုများအပါအဝင် ဆွေမျိုးမိတ်ဆွေများက လာရောက်ဝိုင်းဝန်းကူညီပေးကြသည်။ ကောက်သစ် စားပွဲပြုလုပ်မည့် အိမ်ရှင်၏ မြေဝိုင်းအတွင်း ဖျာများခင်းကာ ချက်ပြုတ်ကြသည်။

 

ကောက်သစ်စားပွဲတွင် တစ်နှစ်တာအတွင်း ဦးစွာရရှိသည့်စပါးကို ကြိတ်ကာ ရရှိသည့်ဆန်ဖြင့် ကျွေးမွေး၊ စားသောက် သဖြင့် ကောက်သစ်စားသည်ဟု အမည်တွင်ခဲ့သည်။

 

ကောက်သစ်စားပွဲ အကြိုညတွင် ကောက်သစ်စားမည့်အိမ်တွင် စားသောက် ဖွယ်ရာများ ချက်ပြုတ်ခြင်း၊ ငှက်ပျောဖက်များကို ဖြတ်တောက်သန့်စင်ခြင်းများကို ပြုလုပ်ကြရသည်။ ကောက်သစ်စားပွဲတွင် ထမင်းနှင့်ဟင်းကို ဖက်များဖြင့် စားကြရ သဖြင့် ဧည့်သည်များကို ကျွေးမွေးမည့် ထမင်းဟင်းများကို ဖက်များဖြင့် တစ်ထုပ်စီထုပ်ကာ တောင်းများအတွင်း၌ ထည့်ထားကြရသည်။ ကောက်သစ်စားပွဲ ပြုလုပ်သူ၏ အလိုဆန္ဒ အတိုင်း မိမိနှစ်သက်ရာဟင်းကို ကျွေးမွေး နိုင်ပြီး ငှက်ပျောဖူး အစပ်သုတ်၊ အသီးအရွက် ကြော်၊ ငါးပိထောင်းနှင့် ဟင်းချိုတို့ကိုလည်း ထည့်သွင်းကျွေးမွေးကြသည်။ လူတစ်ဦးစီ အတွက် ငှက်ပျောဖက်ဖြင့် ထုပ်ပိုးထားသည့် ထမင်းတစ်ထုပ်၊ ဟင်းနှစ်ထုပ် သို့မဟုတ် သုံးထုပ်ကို ပလတ်စတစ်အိတ်တစ်ခုစီတွင် ထည့်သွင်းကြရပေသည်။

 

ကောက်ဦးအလှူဖြစ်သဖြင့် မိမိတို့လယ်မှ တစ်နှစ်တာအတွက် ပထမဆုံးထွက်ရှိသည့် စပါးကို ကြိတ်ခွဲထားသည့် ဆန်ကိုသာ ချက် ပြုတ်ကြသည်။

 

ရွာသစ်ရွာရှိ အိမ်ထောင်စုတိုင်းတွင် ဝက်များ၊ ကြက်များကို မွေးမြူထားကြပြီး ဝက်မွေးခြင်းကို စုဘူးစုထားခြင်းဟု ပြောဆိုကြသည်။ ကောက်သစ်စားပွဲအပါအဝင် အလှူပွဲများ ကျင်းပချိန်တွင် ဧည့်ပရိသတ်များပြားပါက ဝက်သားဟင်းဖြင့် ကျွေးမွေးလေ့ရှိကြသည်။

 

ကောက်သစ်စားချိန်

 

နံနက်မိုးလင်းချိန်တွင် ဗုဒ္ဓဘာသာ ကောက်သစ်စားပွဲ၌ ရဟန်းသံဃာများအား ကောက်ဦးဆွမ်းကို ဆက်ကပ်လှူဒါန်းပြီး ရွာသူ ရွာသားများအား ကျွေးမွေးကြသကဲ့သို့ ခရစ်ယာန်ဘာသာဝင်များကလည်း ဘာသာ ရေးဆရာနှင့် ဖိတ်ကြားထားသူများကို ကောက်ဦးထမင်းနှင့် ဟင်းများကို ကျွေးမွေးကြပေသည်။

 

ခရစ်ယာန်ဘာသာဝင်များ၏ ကောက်သစ် စားပွဲတွင် ကောက်သစ်စားမည့်အိမ်၌ ဧည့်ပရိသတ်များစုံညီချိန်တွင် ဘုရားစင်ပေါ်၌ ဖယောင်းတိုင်မီးများထွန်းညှိကာ အိမ်ရှင်ဖြစ်သူက ကောက်သစ်စားပွဲ ကျင်းပရခြင်း အကြောင်းကို ဦးစွာရှင်းလင်းပြောကြားလေ့ ရှိသည်။ ထို့နောက် ဓမ္မဆရာက ဦးဆောင်၍ ခရစ်ယာန်သမ္မာကျမ်းစာမှ ကောက်နုတ်ချက်ကို ဖတ်ကြား၍ လာမည့်နှစ်တွင် ရာသီဥတု ကောင်းမွန်ပါစေကြောင်း၊ သီးနှံများအထွက် နှုန်းကောင်းပါစေကြောင်း၊ ရပ်ရွာအေးချမ်း သာယာပါစေကြောင်း၊ မိသားစုဝင်များကျန်းမာ ကြပါစေကြောင်းစသည်ဖြင့် ဆုတောင်းပတ္ထနာများပြုကာ ပရိသတ်ကလည်း ဓမ္မသီချင်းများ ကို သီဆိုဆုတောင်းကြပေသည်။

 

ယင်းအခမ်းအနားတွင် ကောက်သစ်စား သည့် အိမ်ရှင်နှင့် ဓမ္မဆရာတို့သည် ကချင် တိုင်းရင်းသားရိုးရာကို ဝတ်ဆင်လျက်ရိုးရာ ခေါင်းပေါင်းကို ပေါင်းထားကြသည်။ အခမ်းအနားသို့ တက်ရောက်လာသည့် အထူး ဧည့်သည်ဖြစ်သူ ကျွန်တော့်ကိုလည်း ကချင်ရိုးရာခေါင်းပေါင်းကို ဆောင်းပေးခဲ့သည်။ထို့အတူ ကောက်သစ်စားပွဲသို့ လာရောက်ကြသူ အချို့ကလည်း ကချင်ရိုးရာဝတ်စုံများကို ဝတ်ဆင်လာကြသည်။

 

ဆုတောင်းပွဲ ပြုလုပ်ပြီးချိန်တွင် ဓမ္မဆရာ အား လက်ဆောင်အဖြစ် လွယ်ပလိုင်းတစ်ခုကို ပေးအပ်ကြသည်။ ယင်းပလိုင်းကို ဓမ္မဆရာသာမက ကောက်သစ်စားပွဲသို့ ဖိတ်ကြားထားသည့် ရပ်ဝေးမှ အထူးဧည့်သည် များကိုလည်း လက်ဆောင်အဖြစ်ပေးကြသည်။

 

ပန်းနွယ်ပန်းခက်များဖြင့် အလှဆင်ထားသည့် ပလိုင်းအတွင်း၌ ဆန်တစ်ပြည်၊ ဝဥ သို့မဟုတ် ပိန်းဥကြီးတစ်လုံး၊ ပင်စည်များ ရှည်လျားစွာပေါက်နေသည့် ချင်းပင်တစ်ပင်၊ ရွှေဖရုံသီး တစ်လုံး၊ ဖက်ဖြင့် ထုပ်ထားသည့် ထမင်းဟင်းများနှင့် ဓမ္မဆရာကို ပူဇော်သည့် ငွေကြေးထည့်ထားသော စာအိတ်ရှည်တစ်လုံး တို့ကို ထည့်သွင်းထားသည်။

 

ဆုတောင်းကြပြီးနောက် ဧည့်ပရိသတ် များအားလုံးစုပေါင်းကာ ကောက်သစ်စားပွဲ ကျင်းပသည့်အိမ်က တည်ခင်းသည့် ဖက်ထုပ် ထမင်းနှင့် ဟင်းများကို စားသုံးကြရသည်။ယင်းအချိန်တွင်ပန်းကန်များကို အသုံးပြုခြင်း မရှိဘဲ ဖက်များကိုဖြေကာ စားသောက်ကြ သည်။ လူအများဝိုင်းဖွဲ့ကာ စားပွဲ၊ ကုလားထိုင် များမပါရှိဘဲ ကြမ်းခင်းပေါ်တွင်ထိုင်၍ စုပေါင်းစားသောက်ကြခြင်းဖြင့် ကျေးရွာနေ လူထု၏ စည်းလုံးညီညွတ်မှုအသွင်ကို မြင်ကြရ ပေသည်။

 

ကချင်တိုင်းရင်းသားများသည် ကောက်သစ်စားပွဲများတွင် အခြားပွဲတော်များ ကျင်းပသကဲ့သို့ ခေါင်ရည်ကို ထည့်သွင်း တိုက်ကျွေးခြင်း မရှိပါချေ။

 

တစ်ဦးချင်းပြုလုပ်သည့် ကောက်သစ် စားပွဲသည် ဧည့်ခံကျွေးမွေးပြီးချိန်တွင် အဆုံးသတ်သော်လည်း စုပေါင်းကောက်သစ် စားပွဲများတွင်မူ ညပိုင်းတွင် ပွဲလမ်းသဘင်များ ခင်းကျင်းကာ သီဆိုကခုန်မှုများ ပြုလုပ်လေ့ ရှိကြပေသည်။ တစ်ခါတစ်ရံတွင် ကောက်သစ် စားပွဲကို ခရစ္စမတ်ပွဲတော်နှင့် ပူးပေါင်းကျင်းပ ကြောင်း ကချင်တိုင်းရင်းသား ဦးမာတူးက ရှင်းပြသည်။ ယင်းအချိန်တွင် ဧည့်ပရိသတ် အလွန်များပြားလေ့ရှိကာ ဧည့်ခံဖျော်ဖြေပွဲများ ကိုပါ ပြုလုပ်လေ့ရှိသည်ဟု ဆိုသည်။ ရွာ အတွင်းရှိ ခရစ်ယာန်ဘာသာဝင် လူငယ် မောင်မယ်များက ကောက်သစ်စားသည့် အိမ်အပါအဝင် ရွာရှိအိမ်များသို့ လှည့်လည် ကာ ဓမ္မသီချင်းများသီဆို၍ ဆုတောင်းပေး သည့် ထုံးတမ်းသည် ကာလကြာမြင့်နေခဲ့ပြီဖြစ်သည်။

 

မခုတ်ဓားနှင့် မထိုးလှံ

 

ကောက်သစ်စားပြီးနောက် ကချင်တိုင်းရင်းသား ဦးမာတူးက ကချင်ရိုးရာ မခုတ် ဓားနှင့် မထိုးလှံကို ကျွန်တော့်အား ထုတ်ပြခဲ့ သည်။ နှစ်ကာလရှည်ကြာစွာ သိမ်းဆည်းထား သဖြင့် ယင်းဓားနှင့် လှံတို့သည် အရောင်များ မည်းညစ်ကာ ဖုန်များ ပေလျက်ရှိသည်။

 

မခုတ်ဓားနှင့် မထိုးလှံသည် ဟောင်းနွမ်း လေ တန်ဖိုးရှိလေဖြစ်ကြောင်း၊ အိမ်ထောင် စတင်တည်ထောင်ချိန်တွင် သတို့သမီး မိဘများက ပေးလိုက်သည့်ဓားနှင့် လှံကို ဝါးနှီးဖြင့် ချည်နှောင် သိမ်းဆည်းထားကြရကြောင်း၊ တစ်ကြိမ်တစ်ခါမှ အသုံးမပြုသဖြင့် မခုတ်ဓား၊ မထိုးလှံဟု ခေါ်ဆိုကြောင်း၊ ချည်နှောင်ထား သည့် ဝါးနှီးကို တစ်ကြိမ်တစ်ခါမှ မဖြေကြောင်း ဦးမာတူးက ရှင်းပြသည်။

 

ယင်းဓားနှင့် လှံကို မီးဖိုချောင် ကျပ်ခိုးစင် တွင်ထားရှိကြသဖြင့် မည်းညစ်ကာ ဖုန်များပေ နေလေ့ရှိပြီး ရပ်ဝေးမှလာရောက်သည့် ဧည့်သည်များကို ကချင်တိုင်းရင်းသားများ၏ ဂုဏ်ယူဖွယ်ပစ္စည်းတစ်ခုအဖြစ် ထုတ်ပြလေ့ရှိ ကြောင်း သိရှိရသည်။

 

မိမိတို့ ယုံကြည်ကိုးကွယ်မှု အစဉ်အလာ ထုံးတမ်းများအရ မိဘဘိုးဘွား အစဉ်အဆက် ကျင်းပခဲ့သည့် တိုင်းရင်းသားရိုးရာပွဲများသည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ကျန်ရှိလျက်ရှိရာ ယင်းတို့ကို မျိုးဆက်သစ်များ က ဆက်လက်ထိန်းသိမ်းကြခြင်းဖြင့် တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းများသည် ကာလရှည်ကြာစွာ တည်တံ့နေမည်ဖြစ်ပါ ပေသည်။ ။

 

ကောင်းစည်သူ