မြစ်ကြီးနား ၂၆ မေ
တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကချင်ပြည်နယ်အတွင်းရှိ ကချင်၊ ရှမ်းနှင့် ဗမာ တိုင်းရင်းသားမျိုးနွယ်စုများမှ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သို့ (၅)ရက်တာ လေ့လာရေးခရီးစဉ်ကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့မှ ထွက်ခွာသွားကြောင်း သိရှိရသည်။
လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးရခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်ထွန်းက “ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံနိုင်ရန်နှင့် ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို တစ်ဦးနဲ့တစ်ဦး အမြင်ချင်းဖလှယ်ပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာလာစေဖို့ ရည်ရွယ်ပြီး ခုလို ကျွန်တော်တို့ ပြည်နယ်မှာရှိတဲ့ ကချင်(၆)မျိုး၊ ရှမ်း(၅)မျိုးက ညီနောင်တိုင်းရင်းသားတွေကို နေပြည်တော်မှာ လေ့လာရေးခရီးစဉ်အဖြစ် စီစဉ်ပို့ဆောင်ပေးခြင်းဖြစ်တယ်” ဟု ပြောပြသည်။
အဆိုပါ လေ့လာရေးခရီးစဉ်သည် တိုင်းရင်းသားရေးရဝန်ကြီးဌာနမှ ဒုတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စုဝင် ဂျိမ်းဖော၊ ရဝမ်၊ လီဆူ၊ လာချိဒ်၊ လော်ဝေါ်၊ ဇိုင်းဝါးမျိုးနွယ်စုဝင်များနှင့် ရှမ်းမျိုးနွယ်စုဝင် တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းလေ၊ တိုင်းခမ်းတီ၊ တိုင်းဆာတို့အပြင် ဗမာလူမျိုးစသည့်ဖြင့် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက တိုင်းရင်းသားလူငယ်စုစုပေါင်း ၄၈ ဦးနှင့် ဝန်ကြီးဌာမှ စီမံအုပ်ချုပ်သူ ၃ ဦးတို့ဖြင့် နေပြည်တော်တွင် ၅ ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
ခရီးစဉ်လိုက်ပါမည့် ရှမ်းမျိုးနွယ်စုဝင် တိုင်းလေလူမျိုး နန်းဆူးငယ်က “အခုလို တိုင်းရင်းသားရေးရာဝန်ကြီးဌာနကနေ လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးတဲ့အတွက် လူငယ်တွေအတွက် မရောက်ဘူးတဲ့နေရာတွေကို ပိုပြီးလေ့လာခွင့်ရှိတော့ အရမ်းပျော်တယ်၊ နေရာတစ်နေရာနှင့် တစ်နေရာလူမျိုးတစ်မျိုးနဲ့တစ်မျိုး အတူတူလာပြီးတွေ့ဆုံဖို့ ခဲယဉ်းတယ်၊ ယခုလို လုပ်ပေးတဲ့အတွက် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွှတ်မှုကိုဖြစ်စေတယ်လို့ ကျွန်မမြင်တယ်” ဟုပြောပြသည်။
လေ့လာခရီးစဉ်ကို ကချင်ပြည်နယ်မှ (၄၈)ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ၄၄ ဦးတို့အား နေပြည်တော်တစ်ဝှမ်းရှိ ဗုဒ္ဓဂါယာ၊ မဟာသကျရံသီ၊ ဥပ္ပါတသန္တိဘုရားများ၊ အမျိုးသားအထိမ်းအမှတ် ဥယျဉ်၊ ရေပန်းဉယျဉ်၊ ငလိုက်ဆည်ဆင်စခန်း၊ စစ်သမိုင်းပြတိုင်၊ ဆာဖာရီဉယျာဉ်၊ တိရစ္ဆာန်ဉယျာဉ်၊ အမျိုးသားပြတိုက်၊ ကျောက်မျက်ပြတိုက် စသည့် လည်ပတ်စရာများအပါအဝင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ လွှတ်တော်အတွင်း လေ့လာခြင်းအစီအစဉ်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မျိုးမြင့်စိုး (ပြည်နယ် ပြန်/ဆက်)