ရန်ကုန် ၂၄ ဧပြီ
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီ အသင်းဝင်များ၊ တပ်ဖွဲ့ဝင်များ၊ စေတနာလုပ်အားရှင်များသည် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ကိုဗစ်- ၁၉ ကျန်းမာရေးစင်တာ တည်ဆောက်ရေးလုပ်ငန်းများ၌ ဧပြီ ၁၀ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီ စေတနာလုပ်အားရှင်များ ပါဝင်ကူညီပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ထံမှ ဧပြီ ၂၄ ရက် နံနက်ပိုင်းက သိရသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ကျန်းမာရေးစင်တာတွင် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး ဦးကျော်မိုးကြည် (ငြိမ်း) ကြီးကြပ်မှုဖြင့် ကြက်ခြေနီ စေတနာ လုပ်အားရှင် (၅၀)ဦး ပါဝင်သော အဖွဲ့က ဆေးရုံဆောက်လုပ် ပြင်ဆင်ရေးအပိုင်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးထားသိုမှုအပိုင်းများ၊ ရေနှင့်အစားအစာ ဖြန့်ဝေပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိကာ ကြက်ခြေနီ စေတနာ လုပ်အားရှင် (၅၀)ဦး ပါဝင်သော အဖွဲ့များက အလှည့်ကျစနစ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


