မန္တလေး ၇ ဇွန်

ပြည်တွင်းကြက်မွေးမြူသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကြက်မွေးမြူမှုလုပ်ငန်းများ ယာယီရပ်တန့်သွားမှုကြောင့် ကြက်သားထုတ်လုပ်မှု လျော့ကျကာ ယခုရက်ပိုင်းအတွင်း ဈေးကွက်အတွင်း၌ ကြက်သား လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ နှုန်းအထိ ဈေးမြင့်တက်လာကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဧပြီလဆန်းမှ မေလဆန်းအထိ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ကန့်သတ်မှုများကြောင့် အသားတိုး ကြက်မွေးမြူသည့် ကြက်ခြံ ၄၀ ရာခိုင်နှုန်းခန့် ကြက်သားပေါက်အသစ်များ မွေးမြူမှုရပ်တန့်ခဲ့သဖြင့် ကြက်သားထုတ်လုပ်မှု လျော့ကျကာ ကြက်သားဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောသည်။

 

“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက် ကန့်သတ်ပိတ်ပင်မှုတွေ ရှိလာတာကြောင့် ဈေးကွက်ပျက်မှာ စိုးရိမ်ပြီး ကြက်မွေးမြူသူတွေက ကြက်သားပေါက်တွေကို ခြံတွေမှာ မမွေးနိုင်တော့ဘူး။ အမှန်တကယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါကြောင့် အကန့်အသတ်နဲ့ ယာယီပိတ်ထားတဲ့ လုပ်ငန်းတွေထဲမှာ ကြက်မွေးမြူတဲ့ လုပ်ငန်းတွေမပါဘဲ ဆက်လက်လုပ်ကိုင် ခွင့်ပြုထားတာပါ။ ဒါပေမယ့် အချို့နေရာဒေသတွေမှာ နားလည်မှုလွဲပြီး ပိတ်ပင်တာတွေရှိခဲ့တယ်။ ဒါကြောင့် ခြံရှင်တွေကလည်း မွေးပြီး ဈေးကွက်ကို ပို့လို့မရမှာ စိုးရိမ်တဲ့အတွက် ကြက်သားပေါက် အသစ်မွေးတာတွေကို ရပ်ပစ်လိုက်ကြတယ်။ ဒါကြောင့် မွေးမြူမှု အဆက်ပြတ်သလို ဖြစ်သွားတဲ့အတွက် ကြက်သားဈေးနှုန်းတွေက လိုအပ်တာထက်ပိုပြီး ဈေးတက်သွားတာပါ “ ဟု ၎င်းက ပြောသည်။

 

လက်ရှိတွင် မေလ တတိယပတ်မှစတင်၍ ပြည်တွင်း ကြက်သားပေါက် ဖောက်စက်များလည်း ပုံမှန်ထုတ်လုပ်လျက်ရှိသည့်အပြင် ထိုင်းနိုင်ငံမှလည်း ကြက်သားပေါက်ကောင်ရေ ကိုးသိန်းကျော် တင်သွင်းကာ မွေးမြူမှုလုပ်ငန်းများ ပုံမှန်ပြန်လည် လုပ်ဆောင်လျက်ရှိသည့်အတွက် ဇွန်လ တတိယပတ်အတွင်း ကြက်သားဈေးနှုန်းများ ပုံမှန်ဈေးနှုန်းသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

“အရင်က အသားတိုးကြက် တစ်ကောင်ကို ခြံဖမ်းဈေးက ကျပ် ၂၄၀၀ နဲ့ ၂၅၀၀ ကြားပဲ ရှိပေမယ့် အခုအချိန်မှာ ၄၅၀၀ ကျပ် လောက်ဖြစ်သွားတယ်။ ကြက်မွေးမြူသူတွေအနေနဲ့ ထုတ်လုပ်မှု စရိတ်အရ တစ်ပိဿာကို ၂၈၀၀ နဲ့ ၃၀၀၀ ကျပ်လောက်ဆိုရင် အဆင်ပြေတဲ့ ဈေးနှုန်းပါ။ လက်ရှိအချိန်မှာ ကြက်တွေကို ပုံမှန်အတိုင်း ပြန်လည်မွေးမြူနေကြပါပြီ။ အသားတိုးကြက်မွေးမြူမှုက ရက် ၄၀ လောက်ပဲ ကြာတာဖြစ်တဲ့အတွက် ဇွန်လ တတိယပတ်လောက်ဆိုရင် ကြက်သားဈေးက ပုံမှန်ဖြစ်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

မန္တလေး ကြက်သားဈေးကွက်တွင် လက်ရှိဖြစ်ပေါ်နေသည့် အသားတိုးကြက်ခြံဖမ်းဈေးမှာ တစ်ကောင်လျှင် ၅၅၀၀ ကျပ်နှုန်း ကြက်ကောင်လုံး တစ်ပိဿာလျှင် ၇၅၀၀ ကျပ်နှုန်း၊ ရင်အုပ်သား တစ်ပိဿာလျှင် ၁၀၅၀၀ ကျပ်နှုန်း၊ ကြက်ပေါင် တစ်ပိဿာလျှင် ၉၀၀၀ ကျပ်နှုန်းနှင့် တောင်ပံတစ်ပိဿာလျှင် ၈၀၀၀ ကျပ်နှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း မန္တလေးကြက်သား ရောင်းဝယ်ရေး ဒိုင်များမှ သိရသည်။ 

မင်းထက်အောင်(မန်းကိုယ်ပွား)