နေပြည်တော်  ၂၀ ဖေဖော်ဝါရီ    

 

ကြက်ငှက်တုပ်ကွေးရောဂါသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၆) နိုင်ငံ၌ ရောဂါဖြစ်ပွားမှု (၈၆၀) ခုဖြစ်ပွားခဲ့ပြီး သေဆုံးသည့် လူဦးရေ (၄၅၄) ဦးရှိခဲ့သည် ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံအသီးသီးတွင် ရာသီမရွေးဖြစ်ပွားနိုင်သဖြင့် မိမိနိုင်ငံရှိ ကြက်/ဘဲ/ငုံးခြံများတွင်လည်း ဇီဝလုံခြုံမှုစနစ်တကျမြှင့်တင်ရန် လိုအပ်ပါသည်။ ကြက်ငှက်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

 

(က)    ကြက်၊ ဘဲနှင့် ငုံးမွေးမြူရေးခြံများ၏ဇီဝလုံခြုံမှုကို အထူးဂရုပြုဆောင်ရွက်ရန်၊

 

(ခ)    ကြက်၊ ငုံးမွေးမြူရေးခြံများနှင့် ကြက်၊ ဘဲအရှင်ဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊

 

(ဂ)    မွေးမြူရေးခြံအတွင်းသို့ ဝင်ပါက နှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျဝတ်ဆင်ရန်၊

 

(ဃ)    ကြက်ငှက်များကို ကိုင်တွယ်ပြီး တိုင်းကြက်ခြံမှ ထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့်လက်ဆေးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ရန်၊

 

(င)    အသား၊ ဥတို့ကို သေချာစွာချက်ပြုတ်ပြီးမှ စားသုံးရန်၊

 

(စ)    ကြက်ငှက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ထံသို့ ချက်ချင်းသတင်းပို့ရန်၊

 

(ဆ)    ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန