နေပြည်တော်၊ မတ်  ၂၆

KKO (ခွဲထွက်) အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် ကရင်ပြည်နယ် မြဝတီ မြို့နယ်အတွင်း တည်ငြိမ်အေးချမ်း မှုပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုအား နှောင့်နှေးကြန့်ကြာ စေရန်နှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ ထိတ်လန့်စေရန် ရည်ရွယ်၍ မတ် ၂၅ ရက်တွင် မြဝတီ ကုန်သွယ်ရေးဇုန်အား ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် တုံ့ပြန် တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။

 

ထိခိုက်ကျဆုံး

 

ဖြစ်စဉ်မှာ မြဝတီကုန်သွယ်ရေး ဇုန်အား မတ် ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ကုန်သွယ်ရေးဇုန်၏ အနောက်ဘက် မီတာ ၂၀၀ ခန့် အကွာမှနေ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပတ်ဝန်းကျင်တစ်ဝိုက်တွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာလာ ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဌာနဆိုင်ရာဝန်ထမ်း တစ်ဦးနှင့် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးဒဏ်ရာများ ရရှိခဲ့ကာ ကုန်သွယ်ရေးဇုန် အဆောက် အအုံနှင့် X- Ray စက်တို့ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော နေရာများသို့ ရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုံ့ပြန်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်