ကလျာမိုးမြင့်
အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်ခြင်းနဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်လာခြင်းက လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို ပိုမိုဆိုးရွားလာစေနိုင်တဲ့အတွက် အတော်လေး စိုးရိမ်ဖွယ်ရာ ဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့ ကြီးက ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအရ စီတန်းလှည့်လည်မှုတွေကို ပိတ်ပင်တာ၊ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးတာနဲ့ အများပြည်သူ ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်တာတွေကို ကုလသမဂ္ဂအဖွဲ့က အဓိကပြောဆိုလိုတာ ဖြစ်ဟန်ရှိပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပယ်ဖျက်
ကက်ရှ်မီးယားဒေသအတွင်းမှာ ဆက်သွယ် ရေးဖြတ်တောက်မှု စတင်လုပ်ဆောင်ခဲ့တဲ့နေ့က စတင်ပြီး လုံခြုံရေးဆိုင်ရာ ပိတ်ဆို့တင်းကျပ်မှု တွေလည်း ပြုလုပ်ခဲ့ပါတယ်။ ၁၉၄၉ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အမှတ် ၃၇၀ အရ ဂျာမူးနဲ့ ကက်ရှ် မီးယားတို့ကို ခွင့်ပြုထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယအစိုးရက အခုရက်ပိုင်းအတွင်း ပယ်ဖျက်လိုက်ပါတယ်။ လုံခြုံရေးတင်းကျပ်မှု လုပ်ဆောင်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက် ပယ်ဖျက်တဲ့အမိန့်ကို သမ္မတက လက်မှတ်ရေးထိုး လိုက်တာပါ။
တိုက်ရိုက်ထိန်းချုပ်မည်
အိန္ဒိယအစိုးရဟာ ပါကစ္စတန်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ကက်ရှ်မီးယားဒေသကို အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရခဲ့ချိန်ကစပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် နှစ် ၇၀ ကြာအောင် ထားရှိခဲ့တာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၅ ရက်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်ကြောင်းနဲ့ ကက်ရှ်မီးယားကို နယူးဒေလီလိုပဲ ဗဟိုအစိုးရရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်အုပ်ချုပ်သွားတော့မှာဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
တပ်ဖွဲ့ဝင်တွေစေလွှတ်
ကက်ရှ်မီးယားဒေသကို အိန္ဒိယနဲ့ ပါကစ္စတန် နှစ်ဖက်စလုံးက ၎င်းတို့ပိုင်ဆိုင်တယ်ဆိုပြီး အငြင်းပွားနေခဲ့တာကြာပါပြီ။ ဒါပေမယ့် နှစ်ဖက်စလုံးဟာ ကက်ရှ်မီးယားဒေသရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ထိန်းချုပ်ထားကြပါတယ်။ အိန္ဒိယဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပယ်ဖျက်တာကို ကက်ရှ်မီးယားဒေသခံတွေ ကျေနပ်မှုမရှိခဲ့ရင် ဖြစ်လာနိုင်တဲ့ ရုန်းရင်းဆန်ခတ် အခြေအနေတွေအတွက် အရေးယူ ဆောင်ရွက်ဖို့အတွက်လည်း တပ်ဖွဲ့ဝင် ၁၀ဝ၀ဝ ခန့် ကက်ရှ်မီးယားကို စေလွှတ်ခဲ့ပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယရဲ့ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်အပြစ် တင်လိုက်ပြီး အိန္ဒိယရဲ့လုပ်ရပ်ဟာ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ နယ်နိမိတ်တစ်ခုကို ထိပါး နှောင့်ယှက်တာဖြစ်ကြောင်း ပြောကြားလိုက်သလို ဒီကိစ္စကို ကုလသမဂ္ဂမှာ တင်ပြသွားမှာ ဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။
မောင်းထုတ်
ဒီကိစ္စကြောင့် ပါကစ္စတန်အစိုးရဟာ အိန္ဒိယနဲ့ သံတမန်ရေးအရ ဆက်ဆံမှု၊ ကုန်သွယ်ရေးအရ ဆက်ဆံမှုတွေကို အဆင့်လျှော့ချတော့မယ်လို့ ကြေညာလိုက်ပြီး ပါကစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးကို နိုင်ငံအတွင်းကနေ မောင်းထုတ်လိုက်ပါတယ်။ ပြီးတော့ အိန္ဒိယနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်အဖြစ် ရွေးချယ်ခန့်အပ်ထားသူကိုလည်း စေလွှတ်ဖို့ မရှိတော့ဘူးလို့ ဆိုပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပယ်ဖျက်လိုက်တဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ တုန်လှုပ်စရာကောင်းပြီး အတိုက်အခံဥပဒေပြုအမတ်တွေ၊ ဖွဲ့စည်းပုံဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တွေနဲ့ သာမန်အရပ်သားတွေအထိ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကက်ရှ်မီးယားဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ သွားနေတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ အငြင်းပွားခဲ့ကြတဲ့ တရားရုံးချုပ်ရှေ့နေတွေအပါအဝင် အများအပြား ကတော့ ဒီဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုခဲ့ကြပါတယ်။
အကျယ်ချုပ်ဖမ်းဆီး
ပါလီမန်လွှတ်တော်က ကြေညာချက် ထုတ်ပြန်လိုက်တဲ့ တနင်္လာနေ့မှာပဲ ဘီဂျေပီပါတီ ဦးဆောင်တဲ့ အိန္ဒိယဖက်ဒရယ် အစိုးရအဖွဲ့က တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ကက်ရှ်မီးယားသို့ စေလွှတ်ခဲ့ပါတယ်။ အင်တာနက်၊ မိုဘိုင်းဖုန်း ကွန်ရက်တွေနဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ထား ဆဲအပြင် ဝန်ကြီးဟောင်းနှစ်ဦးအပါအဝင် နိုင်ငံရေး ခေါင်းဆောင်နှစ်ဦးကိုလည်း နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းတာအပြင် ကက်ရှ်မီးယားဒေသမှာ နေထိုင်သူမဟုတ်ရင် မြေယာဝယ်ယူခွင့်မရှိတဲ့ ကန့်သတ်မှုကိုပါ အစိုးရက ရုပ်သိမ်းလိုက်တာကြောင့် ပြည်နယ်ပြင်ပက အိန္ဒိယနိုင်ငံသားတွေ ကက်ရှ်မီးယားမှာ အခြေချ နေထိုင်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ လုံခြုံရေး ဆိုင်ရာတင်းကျပ်ထားမှုကြောင့် အိန္ဒိယနိုင်ငံရဲ့ ကျန်အစိတ်အပိုင်းမှာ နေထိုင်ကြတဲ့ သူတွေက ၎င်းတို့ဟာ ကက်ရှ်မီးယားမှာရှိတဲ့ မိသားစုဝင်တွေဆီ မသွားနိုင်တော့ဘူးလို့ ဆိုနေကြပါတယ်။
ဆန္ဒပြသူတချို့ရှိ
အစိုးရရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုံခြုံရေးချထားဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ အစိုးရကဆိုထား ပေမယ့် ဒေသအတွင်းမှာ ဆန္ဒပြသူတချို့ရှိနေပြီး ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်နေကြတာကို မြင်ခဲ့ရတယ်လို့ မျက်မြင်သက်သေတချို့က ပြောခဲ့ပါတယ်။
အိန္ဒိယစိုးမိုးအုပ်ချုပ်ခဲ့တဲ့ ၁၉၈၉ ခုနှစ် ကတည်းက လက်နက်ကိုင် ပုန်ကန်ထြွကမှုတွေ ကက်ရှ်မီးယားမှာ ရှိခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွေကြောင့် လူထောင်ချီသေဆုံးခဲ့ကြ ရပါတယ်။ ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အခုလောက် ပမာဏအထိ စေလွှတ်ချထားတာမျိုး မရှိခဲ့သေးပါဘူး။
အဆီးအတားဖြစ်လာနိုင်
ကုလသမဂ္ဂအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကကက်ရှ်မီးယားဒေသမှာ ဆက်သွယ်ရေးဆိုင်ရာ ပိတ်ပင်တာဟာ ယခင်က မိမိတို့တွေ့ မြင်ခဲ့ရဖူးတာထက်တောင် လွှမ်းခြုံမှုရှိနေပြီး အခုလို ပိတ်ပင်ထားမှုတွေကြောင့် ဂျာမူးနဲ့ ကက်ရှ်မီးယားရဲ့ အနာဂတ် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေးအရ လှုပ်ရှားမှုမှာ ပြည်သူတွေ အပြည့်အဝ ပူးပေါင်းပါဝင်လှုပ်ရှားဖို့ အဆီးအတား ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယား ဒေသကိစ္စနဲ့ ပတ်သက်ပြီး စစ်ပွဲနှစ်ခုအထိ ဖြစ်ပွားခဲ့ဖူးပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ကို ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးပေးခဲ့ချိန်ကစပြီး ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်တဲ့ ပိုင်နက်အငြင်းပွားမှု ဖြစ်ပေါ်လာနိုင်တဲ့အတွက် အဲဒီဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ထားရှိနိုင်ဖို့ ဗြိတိသျှအစိုးရက လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စတော့ရှယ်ယာဈေးကျ
ကက်ရှ်မီးယား အရှုပ်တော်ပုံကိစ္စကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်အကြား စစ်ရေးတင်းမာမှု ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတွေကြောင့် ကမ္ဘာ့ဈေးကွက်မှာ အိန္ဒိယစတော့ရှယ်ယာတွေနဲ့ ရူပီးငွေတန်ဖိုးတွေ အတော်လေး ကျဆင်းသွားခဲ့ပါ တယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ပယ်ဖျက်ကြောင်း အိန္ဒိယအစိုးရရဲ့ ကြေညာချက်ထုတ်ပြန်လိုက်တဲ့ သြဂုတ် ၅ ရက်ကစပြီး အိန္ဒိယစတော့ရှယ်ယာတန်ဖိုး ၁ ဒသမ ၁၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
ငွေကြေးတန်ဖိုးကျဆင်း
အိန္ဒိယရူပီးငွေ တန်ဖိုးဟာဆိုရင်လည်း ၁ ဒသမ ၅၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ငွေလဲလှယ်နှုန်းအားဖြင့် အမေရိကန်တစ်ဒေါ်လာကို ၇၀ ဒသမ ၈၀၄ ရူပီးသာ ရှိတော့တဲ့အတွက် ခြောက်နှစ်အတွင်း အဆိုးရွားဆုံး ငွေကြေးတန်ဖိုး ကျဆင်းမှုအဖြစ် ရောက်ရှိခဲ့ပါတယ်။
ကက်ရှ်မီးယားပြဿနာဟာ ပေါက်ကွဲတော့မယ့် မီးတောင်တစ်လုံးလို ဖြစ်နေပြီး အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ မဟာရန်သူကြီးတွေ ဖြစ်သွားလောက်တဲ့အထိ အန္တရာယ်ကြီးနေပါတယ်။ အိန္ဒိယ သံအမတ်ကို ပါကစ္စတန်က နှင်ထုတ်လိုက်ပြီး သံတမန်ရေးနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေကို လျှော့ချဖို့လုပ်လိုက်တဲ့အပေါ် အိန္ဒိယဘက်က စိတ်မကောင်းကြောင်းနဲ့ ပြဋ္ဌာန်းချက်အမှတ် ၃၇၀ ဟာ ပြည်တွင်းရေးကိစ္စရပ်တစ်ခုသာဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောကြားလိုက်ပါတယ်။ ။
ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ