ထွန်းသစ်စ
နျူကလီးယားလက်နက် ပိုင်ဆိုင်တယ်လို့ ယူဆရတဲ့ အိမ်နီးချင်းနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနှင့် ပါကစ္စတန်တို့ဟာ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ လူပေါင်း ၄၀ ကျော်သေဆုံးခဲ့တဲ့ အသေခံဗုံးဖောက်ခွဲမှုတစ်ခု ဖြစ်ပွားပြီးတဲ့ နောက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံရေးအခြေအနေဟာ ပိုပြီးတင်းမာလာခဲ့ပါတယ်။ အရင်ထဲကမှ ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်ပြီး သူပိုင်တယ်၊ ငါပိုင်တယ်ဆိုပြီး တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားနေတဲ့ နိုင်ငံနှစ်နိုင်ငံဟာ အခုလို အသေခံ ဗုံးဖောက်ခွဲတဲ့ ကိစ္စပါ ပါလာတော့ အခြေအနေတွေဟာ ဆိုးသထက်ဆိုးလာပါတော့တယ်။
ရန်မစပါနဲ
“ပါကစ္စတန်ကို ရန်လာမစနဲ့”လို့ ပါကစ္စတန်စစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် အဇစ်ဂါဖောက အိန္ဒိယကို သတိပေး ပြောကြားထားပါတယ်။ သူတို့နိုင်ငံအပေါ် ကျရောက်လာတဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို တုံ့ပြန်နိုင်စွမ်းရှိကြောင်း ပါကစ္စတန်စစ်ဘက်က ပြောကြားလိုက်ပြီးနောက် အိန္ဒိယနိုင်ငံဟာ ကံမကောင်းအကြောင်းမလှ ဖြစ်စေမယ့် လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့လည်း သတိပေး ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့ စစ်မဖြစ်ချင်ပါဘူး။ သို့သော်လည်း အခိုင်အမာ ပြောချင်တာကတော့ အိန္ဒိယဘက်က ဘယ်လို ရန်စမှုမျိုးမဆို လုပ်လာပါစေ။ ပါကစ္စတန်တပ်ဖွဲ့တွေ အံ့အားသင့်သွားအောင် အိန္ဒိယအနေနဲ့ ဘယ်တော့မှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကသာ အိန္ဒိယကို အံ့အားသင့်သွားအောင် လုပ်မှာဖြစ်တယ်ဆိုတာ အခိုင်အမာ ပြောချင်ပါတယ်။ ဘယ်လို ခြိမ်းခြောက်မှုမျိုးကိုမဆို ကျွန်တော်တို့ ပြန်လည်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ဒါကိုနားလည်ပြီး ပါကစ္စတန်ကို ရန်မစဖို့ မျှော်လင့်ပါတယ်” လို့ ပါကစ္စတန်ဘက်က ဆိုပါတယ်။
ငြိမ်ခံနေမှာ မဟုတ်
အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသမှာ အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် ပြည်သူ့စစ်အဖွဲ့ဝင် ၄၁ ယောက် ကျဆုံးခဲ့ ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ပါကစ္စတန်အခြေစိုက် ဂျေ့အက်မိုဟာမက် (Jaish-e-Mohammed-JeM) အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ပြီး နောက်မှာ အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ ဆက်ဆံရေးဟာ အခြေအနေ ပိုလို့ဆိုးခဲ့ပါတယ်။
တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ အိန္ဒိယနိုင်ငံမှာ တောင်းဆိုမှုတွေ လုပ်နေကြပါတယ်။ စစ်သွေးကြွတွေကို အထောက်အပံ့ ပြုနေတယ်လို့လည်း အိန္ဒိယက ပါကစ္စတန်ကို စွပ်စွဲပြောကြားထားတာတွေ ရှိပါတယ်။ သို့သော်လည်း ပါကစ္စတန်ကတော့ အိန္ဒိယပြောသလို မဟုတ်ပါဘူးလို့လည်း ငြင်းဆိုထားပါတယ်။ ငြင်းဆိုထားတဲ့ကြားက အိန္ဒိယက စစ်မက်ပြုခဲ့ပါက သူတို့ကလည်း ငြိမ်ခံနေမှာ မဟုတ်ပါဘူးလို့ ပြောခဲ့ပါတယ်။
“စစ်ဖြစ်ဖို့ ပါကစ္စတန်နိုင်ငံအနေနဲ့ ပြင်ဆင်နေတာ မရှိပါဘူး။ စစ်ဖြစ်ဖို့ ခြိမ်းခြောက်တာတွေနဲ့ ပတ်သက်တဲ့ သတင်းတွေက အိန္ဒိယနိုင်ငံက နေလာတာပါ။ လက်စားခြေမယ်ဆိုတဲ့ ခြိမ်းခြောက်မှုက အိန္ဒိယဘက်က လာတာပါ။ ကျွန်တော်တို့ဟာ အချုပ်အခြာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ တုံ့ပြန်ဆောင်ရွက်ခွင့် ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ စစ်ပွဲစတင်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေတာ မဟုတ်ပေမယ့် တုံ့ပြန်ဆောင်ရွက်ခွင့် ရှိသလို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်လည်း ရှိပါတယ်။ အဲဒီအခွင့်အရေးကို ကျွန်တော်တို့ အသုံးချမှာပါ}}လို့ပါကစ္စတန် စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
အိန္ဒိယစစ်ဘက်ရဲ့ ဘယ်လိုမျိုးခြိမ်းခြောက်မှုမျိုးကိုမဆို အခိုင်အမာ လက်တုံ့ပြန်ဖို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်ရမ်ခန်က စစ်ဘက်ဆိုင်ရာကို ညွှန်ကြားပြီးနောက်မှာ အခုလိုမျိုး ပါကစ္စတန်စစ်ဘက်ရဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဗုံးကြဲတိုက်ခိုက်
JeM အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ဟာ ကက်ရှ်မီးယားမှာ အိန္ဒိယအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ပါကစ္စတန်က ကြားခံအဖြစ် အသုံးချနေတယ်လို့လည်း အိန္ဒိယက စွပ်စွဲနေပါတယ်။ JeM အစ္စလာမ္မစ် အစွန်းရောက် အဖွဲ့ရဲ့ ဌာနချုပ်တစ်ခုဖြစ်မယ်လို့ ယုံကြည်ရတဲ့နေရာတစ်ခုကို မကြာသေးမီက ပါကစ္စတန်က သိမ်းယူလိုက်တယ်လို့လည်း ပါကစ္စတန် ပြည်ထဲရေးဌာနက ပြောခဲ့ပါတယ်။ Jem အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ရဲ့ ဌာနချုပ်ရှိတဲ့ နေရာဖြစ်တဲ့ ဘဟာဝယ်လ်ပါမြို့ရှိ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတစ်လုံးကို ပါကစ္စတန်အစိုးရက ထိန်းချုပ်ခဲ့တယ်လို့ ပြည်ထဲရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် အင်ရမ်ခန်ကိုယ်တိုင်ဦးစီးပြီး ပြုလုပ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးကော်မတီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် အရ ထိုသို့အရေးယူ ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှု အဆုံးသတ်ခဲ့တဲ့ ၁၉၄၇ ခုနှစ်မှစကာ ကက်ရှ်မီးယားအရေး အိန္ဒိယနဲ့ ပါကစ္စတန်တို့ စစ်မက်ဖြစ်ပွားတာ သုံးကြိမ်ရှိပြီ ဖြစ်ပါတယ်။
အိန္ဒိယတို့ကတော့ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကျေနပ်နိုင်မှာ မဟုတ်ပါဘူး။ ယမန်နေ့က အိန္ဒိယဂျက်လေယာဉ် ၁၂ စင်းဟာ ပါကစ္စတန်နယ်စပ်ကို ဖြတ်ကျော်လာပြီးနောက် အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသရှိ စစ်သွေးြွကစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တောင်းဆိုမှုတွေ ပြုလုပ်
အိန္ဒိယသတင်းရင်းမြစ်တွေကတော့ အိန္ဒိယဂျက်လေယာဉ်တွေဟာ Jem အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ သူတို့အဲဒီလို ဖော်ပြတာကလည်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကတော့ တရားဝင်မှတ်ချက်ပြု ပြောကြားခြင်း မရှိပါဘူး။ အိန္ဒိယအနေနဲ့ ဒါဟာ လက်စားချေ တိုက်ခိုက်တယ်ဆိုရင် ပါကစ္စတန်ဘက်က ဘယ်လိုလက်တုံ့ပြန်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အိန္ဒိယကတော့ ပါကစ္စတန်ကို ပစ်မှတ်ထားတာမဟုတ်ဘဲ အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့တဲ့အပေါ် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။
လွန်ခဲ့တဲ့ တနင်္လာနေ့ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း အိန္ဒိယတပ်ဖွဲ့နဲ့ ကက်ရှ်မီးယားရှိစစ်သွေးကြွတွေနဲ့ ထိတွေ့မှု ဖြစ်ပွားခဲ့သေးပါတယ်။ အဲဒီထိတွေ့မှုအတွင်းမှာလည်း အိန္ဒိယဘက်က တပ်ဖွဲ့ဝင်လေးဦး ကျဆုံးခဲ့သလို ကြည်းတပ်မှ ဗိုလ်မှူးတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အိန္ဒိယ သံတမန်အသိုင်းအဝိုင်းက အဲဒီ စစ်သွေးကြွအဖွဲ့ကို မတရားအသင်းအဖွဲ့အဖြစ် ကြေညာဖို့ကုလမှာ တောင်းဆိုမှုတွေတောင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ
ထို့အတူ အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း အခုလိုမျိုး ပြည်သူ့စစ်အဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့တဲ့အပေါ် မကျေနပ်နိုင်သလို အခုလိုမျိုး နောက်ဆက်တွဲဖြစ်ရပ်တွေကြောင့် ပါကစ္စတန်အပေါ် အခဲမကျေနိုင်ဘဲ လက်တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုပြီး ကြုံးဝါးခဲ့ပါတယ်။
တိုက်ခိုက်မှုနောက်ကွယ်က ပါဝင်နေသူတွေအနေနဲ့ ကြီးကြီးမားမား ပြန်လည်ပေးဆပ်သွားရမှာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်က လုံခြုံရေး အကြံပေးအရာရှိတွေနဲ့ ဆွေးနွေးစဉ်မှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်အဖွဲ့အပေါ် စိတ်ကြိုက်လုပ်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း အခွင့်အာဏာ ပေးထားကြောင်းလည်း သိရပါတယ်။
ပါကစ္စတန်ဘက်ကတော့ တိုက်ခိုက်မှုကိုစုံစမ်းဖော်ထုတ်ရင် တတ်အားသလောက် ကူညီမည်လို့ စကားလမ်းကြောင်း ခဲ့သော်လည်း သူတို့ကို စစ်မက်ပြုပါက လက်တုံ့ပြန်သွားမယ်လို့လည်း ဆိုထားပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ဟာ ကက်ရှ်မီးယားအရေး အကြောင်းပြုပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ တင်းမာမှုတွေ ဖြစ်နေရာက အခုလိုဖြစ်ရပ်တွေ ဆက်တိုက်ဖြစ် နေတာကြောင့် အခုတော့ အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံဟာ ဘယ်လိုများ ဒီအရေးကို ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ။
ကိုးကား - အေအက်ဖ်ပ်