ကက်ရှ်မီးယား ၇ ဩဂုတ်
အိန္ဒိယအာဏာပိုင်များသည် ကက်ရှ်မီးယားဒေသမှ နိုင်ငံရေးခေါင်းဆောင် သုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။ ၄င်းတို့မှာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်ပေးထားသော ကက်ရှ်မီးယားဒေသတွင် အိန္ဒိယအာဏာပိုင်များက ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
တရားရုံး၏အမိန့်ဖြင့် အဆိုပါ နိုင်ငံရေးခေါင်းဆောင်သုံးဦးကို အစိုးရဧည့်ရိပ်သာမှ ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကက်ရှ်မီးယားဒေသကို အထူးကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဖြစ် သတ်မှတ်ထားရာမှ ပယ်ဖျက်လိုက်ကြောင်း နယူးဒေလီ အစိုးရက ကြေညာခဲ့သည့်နေ့မှာပင် ၄င်းတို့ သုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
၄င်းတို့၏ အပြုအမူများသည် ငြိမ်းချမ်းရေးကိုချိုးဖောက်ရန် အကြောင်းများဖြစ်လာစေနိုင်ကြောင်း၊ ထို့အတွက် ကြောင့် နေရာပြောင်းရွှေ့ခြင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း အေအက်ဖ်ပီမှ သတင်းရရှိသည်။ ကက်ရှ်မီးယား ယခင်ဝန်ကြီးဟောင်းများဖြစ်ကြသည့် မဟက်ဘူဘာမက်ဖ်တီနှင့် အိုအာအဗ္ဗဒူလာတို့အပြင် ဒေသတွင်းပါတီခေါင်းဆောင် ဆာဂျတ်လွန်းတို့ကို ကနဦးတွင် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် ကက်ရှ်မီးယား ဒေသကို ပိတ်ဆို့ပြီး အရေးပေါ်ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်နေစဉ် ၄င်းတို့ သုံးဦး၏ လှုံ့ဆော်မှုကြောင့် လူထုစုဝေးဆန္ဒပြ ပွဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်ရသည့် အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးသည့် အချိန်မှစကာ အထူးအဆင့်အတန်းတစ်ခုရရှိခဲ့သည်။ အဆိုပါဒေသမှာ အိန္ဒိယနှင့် ပါကစ္စတန်ကြား ပိုင်းခြားခံထားရပြီး ကက်ရှ်မီးယား အတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့ နှစ်ကြိမ်တိုင်တိုင် စစ်ပွဲဖြစ်ပွားခဲ့ရသည်။
အေအက်ဖ်ပီ