ကျောက်ပန်းတောင်း ၂၂ ဧပြီ 

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများ ကြက်သွန်စိုက်ပျိုးချိန်က သီးထပ်သီးညှပ်စိုက်ပျိုးထားသော ကြက်တူရွေး ပဲသီးများပါ်ချိန် ဈေးကောင်းရရှိနေခြင်းကြောင့် ကြက်သွန်ခင်းများအတွင်း သီးထပ်သီးညှပ် ကြက်တူရွေးပဲစိုက်တောင်သူများ တွက်ခြေကိုက်နေကြကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ တောင်သူ ဦးတင်ထွန်းအောင်က ပြောသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာအများစုသည် ကြက်သွန်းစိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် ကြက်သွန်ခင်းပေါင်များပေါ်သို့ တစ်ပေခြား စိုက်ပျိုးထားကာ ကြက်သွန်ရေလောင်းချိန် ကြက်သွန်ကိုသာ ဦးစားပေးရေလောင်းကြပြီး ကြက်သွန်နုတ်ပြီးချိန်မှသာ သီးညှပ်စိုက်ပျိုးထားသည့် ပဲပင်များအား ပေါင်များပြန်လည်ပြုပြင်ကာ ရေးလောင်း၊ မြေဩဇာကျွေးကြကြောင်း သိရသည်။ ကြက်သွန်များဖြစ်ထွန်းချိန် ပဲပင်များ ရေလောင်းပါက ကြက်သွန်ပင်များ ပဲပင်ကြောင့် အပင်ရှုပ်ပြီး ကြက်သွန်အထွက်နှုန်း ထိခိုက်နိုင်ခြင်းကြောင့် ကြက်သွန်နုတ်သိမ်းပြီးချိန်မှသာ ရေများများလောင်းကာ ပဲပင်အမြန်ကြီးထွားစေပြီး အပွင့်ပွင့် အသီးသီးအောင်ဂရုစိုက်ရကြာင်း၊ ကြက်တူရွေးပဲများအား သိပ္ပံပဲဟုလည်းခေါ်ဆိုကြောင်း၊ အသီးစပေါ်ချိန် တစ်ပိသာ ၁၃၀၀ ကျပ်ထိဈေးရရှိပြီး ကြက်တူရွေးပဲသီးများ လှိုင်လှိုင်ပေါ်ချိန် တစ်ပိဿာ ၇၀၀ ကျပ်ထိ ဈေးရရှိခြင်းကြောင့် သီးထပ်သီးညှပ်စိုက်ပျိုးသည့် တောင်သူများ တွက်ခြေကိုက်ကြကြောင်း မုန့်ကုန်းကျေးရွာ ဦးနန်းတင်က ရှင်းပြသည်။

 

ကြက်သွန်တစ်ပိဿာ ၅၀၀ ကျပ်ဈေးသာရှိနေချိန် ကြက်တူရွေးပဲတစ်ပိဿာ ၁၂၀၀ ကျပ်မှ ၇၀၀ ကျပ်ဈေးထိရှိနေခြင်းက ကြက်သွန်စိုက်တောင်သူများ သီးညှပ်စိုက်ပျိုးသည့် ကြက်တူရွေးပဲသီးဈေးနှုန်းက ကျားကန်ထားပေးခြင်းကြောင့် ကြက်တူရွေးပဲစိုက် တောင်သူများအဆင်ပြေနေကြပြီး လဲဂွ၊ ညောင်ဖြူပင်၊ လက်ပံအိုင့်၊ ကုန်းတဲ၊ ဆပ်ပြာကျင်း၊ မုန့်ကုန်း၊ အမှတ်သုံး၊ အမှတ်လေး၊ ကင်းမွန်းခြုံ၊ မကျီးတိုင်း၊ စည်ပင်သာကျေးရွာများသည် ဆောင်းကြက်သွန် အမြောက်အများစိုက်ပျိုးကြကာ ကြက်တူရွေးပဲအား သီးညှပ်အဖြစ် စိုက်ပျိုးကြကြောင်း၊ အဆိုပါ ထွက်ရှိလာသည့် ကြက်တူရွေးပဲများအား ကျောက်ပန်းတောင်းမြို့မဈေးသို့ အခင်းရှင်ကိုယ်တိုင် သွားရောက်ရောင်းချခြင်း၊ ကြက်တူရွေးပွဲစားများ လာရောက်ဝယ်ယူကြခြင်းများကြောင့် သီးညှပ်ကြက်တူရွေးပဲစိုက် တောင်သူများ တွက်ခြေကိုက်နေကြကြောင်း သိရသည်။ ကြက်တူရွေးပဲတုန်းချိန် ပဲနွယ်များအား နွားစာအဖြစ် အသုံးပြုကြောင်းလည်းသိရကာ ကြက်တူရွေးပဲသီးများပေါ်ချိန် နှစ်ရက်တစ်ခါ ဆွတ်ခူးပေးရကြောင်း ဦးတင်ထွန်းအောင်က ပြောသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)