မင်းဘူး   ၂၄  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းပြီး လက်ကားဈေး တစ်ပိဿာ ကျပ် ၄၀၀ သာရှိသဖြင့် ကြက်သွန်နီဈေးတက်ဖို့ မျှော်လင့်ပြီး လှောင်ထားသည့်တောင်သူများ အရှုံးပေါ်နေကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

 

“အရင်က တစ်ပိဿာ ကျပ် ၁၂၀၀၊ ၁၃၀၀ ဝန်းကျင်ရှိပေမယ့် ယခု ကြက်သွန်နီဈေး အဆမတန်ကျသွားတော့ တောင်သူနဲ့ ကြက်သွန်နီ လှောင်ထားသူအားလုံး အရှုံးပေါ်တာပေါ့” ဟု ကြက်သွန်နီကုန်သည် ဦးထွန်းက ပြောသည်။

 

“ကျွန်တော်တို့ မင်းဘူးမြို့ ကြက်သွန်နီဈေးကွက်မှာ လက်လီတစ်ပိဿာ ကျပ် ၅၀၀ နဲ့ လက်ကားတစ် ပိဿာ ကျပ် ၄၀၀ သာရောင်းရပါတယ်။ နှစ်ဆန်းပိုင်း ကြက်သွန်နီပေါ်စအချိန်က ကျပ် ၁၇၀၀၊ ၁၈၀၀ ဈေးအထိရှိခဲ့ပေမယ့် ယခု ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများနည်းသလို ဈေးကွက်အတွင်း ဝယ်လိုအားသိသာစွာ ကျဆင်းနေသည့် အတွက် ကြက်သွန်နီဈေးနှုန်းများ အဆမတန် ကျဆင်းနေတာဖြစ်ပါတယ်”ဟု ပွဲရုံလုပ်ငန်းရှင် ဦးသာပေါက ပြောသည်။

 

လက်ရှိ ကြက်သွန်နီဈေးကွက်မှာ တောင်သူတွေထဲက ငွေပေါ်လိုသူ တောင်သူများသာ လက်လီထုတ်ရောင်းကြပြီး ဖုန်းဖြင့်မှာပါက အိမ်တိုင်ရာရောက် ပို့ပေးနေရကြောင်း သိရသည်။

 

ဇေယျာထက်(မင်းဘူး)

 

Capture.J