ကြက်သွန်နီမျိုးစေ့ ငါးနှစ်အတွင်း အနိမ့်ဆုံးဈေးထိကျရောက်နေ

ကျောက်ပန်းတောင်း  ၂  ဒီဇင်ဘာ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်သွန်နီပျိုးထောင် ကာ မျိုးစေ့ရောင်းချသူများအနေဖြင့် ကြက်သွန်နီမျိုးစေ့မှာ ငါးနှစ်အတွင်းအနိမ့်ဆုံးဈေးနှုန်းဖြင့် ရောင်းချ နေရပြီး မကြုံဘူးသည့် ဈေးနှုန်းအထိ ကြက်သွန်နီမျိုးစေ့ ဈေးနှုန်းကျဆင်းနေကြောင်း ကြက်သွန်နီ မျိုးစေ့ရောင်းချသူများထံမှ သိရသည်။

 

ကြက်သွန်နီမျိုးစေ့များ ပျိုးထောင်ပြီးရောင်းချရာတွင် ဆိပ်ဖြူနယ်၊ရေနံချောင်းနယ်၊မြင်းခြံ နယ်များမှ အများဆုံး ပျိုးထောင်ကာ မျိုးစေ့ရောင်းချကြကြောင်းသိရပြီး ဆောင်းကြက်သွန်စိုက်ပျိုး ချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ကြက်သွန်နီမျိုးစေ့များ အရောင်းအဝယ်ဖြစ် ကြကြောင်း သိရကာ ကြက်သွန်နီ မျိုးစေ့တစ်ပြည်လျှင် ခြောက်သောင်းကျပ်မှတစ်သိန်းသုံးသောင်း ကျပ်အတွင်းသာ ရောင်းချရပြီး ယခုနှစ် ဆောင်းကြက်သွန်ပျိုးထောင်ချိန် ကြက်သွန်နီမျိုးစေ့ တစ်ပြည်လျှင် ကျပ်နှစ်သောင်းမှ နှစ်သောင်းခွဲအထိသာ ရောင်းချရခြင်းကြောင့် ကြက်သွန်နီ ပျိုးထောင်ကာ မျိုးစေ့ ရောင်းချသူများ ငါးနှစ်အတွင်းကြက်သွန်မျိုးစေ့အနိမ့်ဆုံး ဈေးနှုန်းဖြစ်နေ ကြောင်း ကျောက်ပန်းတောင်း မြို့နယ် မုန့်ကုန်းကျေးရွာ ကြက်သွန်နီမျိုးစေ့ရောင်းချသည့် ဦးနေမျိုးထွန်းက ပြောကြားသည်။

 

ကြက်သွန်နီ မျိုးစေ့ပျိုးထောင်ရာတွင် နတ်တော်လ၊ပြာသိုလတို့တွင် ကြက်သွန်ဥများအား စိုက်ကြ ကြောင်း ၊စိုက်ပျိုးပြီး ရက်နှစ်ဆယ်ကျော်လျှင် စိန်ဖူးတိုင်(ခေါ်)ကြက်သွန်ပန်းပွင့်တိုင်ထွက်လာပြီး ကြက်သွန်နီ ပန်းပွင့်တိုင်တစ်ခုတွင်  ကြက်သွန်နီမျိုးစေ့ အမြောက်အများပါဝင်ကာ ကြက်သွန်နီတစ် လုံးစိုက်လျှင် ကြက်သွန်ပန်းပွင့် တစ်ပွင့်မှ ငါးပွင့်ထိခွဲထွက်ကာပွင့်ကြကြောင်း သိရသည်။ကြက်သွန် မျိုးစေ့များ အစေ့အောင်ချိန်ဖြစ်သည့် တပေါင်းလ၊တန်ခူးလတွင်ကြက်သွန်ပန်းပွင့်များခူးကာနေလှန်း အခြောက်ခံကာ ကြက်သွန်နီမျိုးစေ့များအားထုတ်ယူကြောင်း ၊ ကြက်သွန်နီမျိုးစေ့များအစေ့ရင့်နေ ချိန် မိုးမိပါက အားလုံးပျက်စီးတတ်သဖြင့် ကြက်သွန်ပန်းပွင့်မှ မျိုးစေ့များအောင်ချိန်အားချင်းခူးဆွတ် ထားရကြောင်း မိုးမမိရန်အလွန်ပင် အရေးကြီးကြောင်း သိရသည်။

 

ကြက်သွန်နီမျိုးပန်းများ ခူးဆွတ်ပြီးချိန်တွင် စိုက်ထားသည့်ဥမှာ ဒန်ချောင်း(စိန်ဖူးတန်)သာ ကျန်ရှိကာ နွားစာအဖြစ် ရိတ်ကျွေးကြောင်း သိရသည်။ကြက်သွန်နီ ပျိုးထောင်ချိန်ပြီးစိုက်ပျိုးချိန်တွင် မျိုးစေ့ ဈေးကြီးမြင့်လေ့ရှိကြောင်း ကြက်သွန်မျိုး နို့ဆီဗူးနှစ်ပုံထောင်တဘောင်လျှင် ပျိုးပင်ပေါက် ပေါက် အားကောင်းပါက ရှစ်သောင်းကျပ်မှ တစ်သိန်းနှစ်သောင်းကျပ်ထိပြန်လည် ရောင်းချရ ကြောင်း ညောင်ဖြူပင် ကျေးရွာ ကြက်သွန်ပျိုးထောင် ရောင်းချသူ ဦးစိုးမင်းက ပြောကြားသည်။

 

ကြက်သွန်နီမျိုးစေ့ ဒီနှစ်လောက်ဈေးကျတာ မကြုံဘူးကြောင်း၊ ဈေးမရလျှင် နှစ်ချို့လှောင် ကာ လာမည့်နှစ်တွင် ပြန်လည်ရောင်းချခြင်း၊ ပျိုးထောင်ကာ ရောင်းချခြင်းဖြင့်နှစ်ချို့လှောင်ကြ ကြောင်း ကြက်သွန်နီ မျိုးစေ့လှောင်ရာတွင် သန့်ရှင်းသည့် ပုံးဖြင့်ထည့်ကာလှောင်မှ ပိုးမထိုးခြင်း၊ ကြက်သွန် မျိုးစေ့ အရည်အသွေးမကျခြင်းများ ထိန်းသိမ်းထားနိုင်ကြောင်း ကြက်သွန်မျိုးစေ့ လှောင်ထားသူများ ထံက သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)